နောက်ဆုံးသတင်း/ဆောင်းပါးများ

အပြစ်မဲ့ ရိုဟင်ဂျာ လူငယ် တစ်ဦးကို နယ်ခြားစောင့်ရဲက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်၍ သတ်ဖြတ်

MYARF
RB News
8.12.2015


ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ အမှတ် (၄) ရပ်ကွက်မှ စီးပွားရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူ ရိုဟင်ဂျာ လူငယ် တစ်ဦးကို နယ်ခြားစောင့်ရဲ များက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်၍ သတ်ဖြတ်ခဲ့ကြောင့် သတင်းရရှိပါသည်။

ဘူးသီးတောင် မြို့နယ် အမှတ် (၄) ရပ်ကွက်မှ အငြိမ်းစား ကျောင်းဆရာ ဦးအာဘူလ်ကာလာမ်၏ သား မောင်မောင် (အသက် ၂၅ နှစ်) သည် ဒီဇင်ဘာလ (၇) ရက်နေ့ နေ့လည် ၁၂ နာရီခန့် အချိန်တွင် ရခိုင်လူမျိုးပိုင် (ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးလုံး ရခိုင်လူမျိုး) ကန်တာ ကားတစ်စီး ငှားရမ်း၍ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်းဈေးသို့ သွားရောက်၍ ကြက်သွန်နီများ ၀ယ်ယူပြီးနောက် ကားပေါ်တင်၍ ဘူးသီးတောင်မြို့သို့ အပြန် ည ၈ နာရီခန့် အချိန်တွင် ဖားဝပ်ချောင်း ကျေးရွာအုပ်စု န.တ.လ (ရခိုင်ရွာ) ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း ရှေ့သို့ ရောက်ရှိ လာခဲ့သည်။ 

ထိုကင်းစခန်းမှ တာဝန်ကျရဲက ကားသမားထံမှ ငွေတောင်းခံခဲ့ရာ ကားသမားက ၎င်း၏ကားသည် အသွားတွင်လည်း ငွေပေးခဲ့ရသဖြင့် အပြန်တွင် ပေးစရာ မလိုကြောင်း ပြောရာ တာဝန်ကျရဲက ငွေမပေးလျှင် သွားခွင့်မပြုနိုင်ကြောင်း၊ ဂိတ်ကျော်တိုင်း ငွေပေးရမည် ဖြစ်ကြောင်း ပြောဆိုကာ အတင်းအဓမ္မ ငွေတောင်းခံခဲ့ကြောင်း၊ ၎င်းတို့ ပြောဆိုနေသည့် အချိန်တွင် စခန်းကို ဖြတ်ကျော် သွားနေသော အမည်မဖော်လိုသည့် ဖားဝပ်ချောင်း ရွာသား တစ်ဦးက ပြောပါသည်။

ထို့နောက် ကားသမားက ငါလည်း တိုင်းရင်းသား၊ တိုင်းရင်းသား ဖြစ်၍ ငွေပေးစရာ မလိုကြောင်း ပြောဆို၍ ငွေမပေးဘဲ ကားမောင်းသွားနေစဉ် တာဝန်ကျရဲက ကားရှေ့သို့ သွား၍ ယာဉ်မောင်းနှင့် ကပ်လျက် ထိုင်နေသည့် မောင်မောင်၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ပစ်လိုက်သည့် ကျည်ဆံမှာ မောင်မောင်၏ ၀ဲဖက် နားရွက်ပေါ်၌ ထိမှန်ခဲ့ပြီး၊ ကျည်ဆံထိမှန်သည့် မောင်မောင်သည် ချက်ချင်းဆိုသလို သတိလစ်သွားခဲ့သည်။

ထို့နောက် စခန်းမှ နောက်ထပ် နယ်ခြားစောင့်ရဲများ ထွက်လာပြီး ရခိုင်လူမျိုးများ ဖြစ်သော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ဖမ်းဆီးပြီး စခန်းထဲတွင် ချုပ်နှောင်ထား၍ ကားကို စခန်းရှေ့တွင် ရပ်တန့်ထားပြီး၊ သေနတ် ကျည်ဆံ ထိမှန်သော မောင်မောင်ကို မောင်တော ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ 

သေနတ် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မောင်မောင်သည် မောင်တော ပြည်သူ့ဆေးရုံ၌ ယနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ နံနက် ၄ နာရီခန့် အချိန်တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထို့နောက် နယ်ခြားစောင့်ရဲ များက မောင်မောင်၏ ဖုန်းဖြင့် မောင်မောင်၏ မိဘများထံ မောင်တော ဆေးရုံတွင် သေဆုံး သွားကြောင်း အကြောင်းကြားခဲ့သည်။ မောင်မောင်၏ မိသားစုဝင် များသည် မောင်မောင် သေဆုံးသွားကြောင်း သိရှိရပြီးနောက် ယနေ့ နံနက်ပိုင်း အချိန်တွင် မောင်တော ပြည်သူ့ ဆေးရုံသို့ လိုက်သွားခဲ့သည်။ မောင်မောင်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖားဝပ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၏ တာဝန်ခံမှာ တပ်ကြပ်ကြီး သန်းဇော် ဖြစ်ကြောင်း သိရှိရသည်။ 

မောင်တော ပြည်သူ့ ဆေးရုံတွင် မောင်မောင်၏ ရုပ်အလောင်းကို ခွဲစိတ်ပြီးနောက် မိသားစုဝင်များထံ အပ်နှံခဲ့ပြီး၊ နံနက် ၉း၃၀ နာရီ အချိန်တွင် ရုပ်ကလာပ်ကို ဘူးသီးတောင်မြို့သို့ သယ်ဆောင် လာနိုင်ခဲ့သည်။ 

မောင်တောမြိှု့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိသုံးဦးသည် မောင်မောင်၏ နေအိမ်သို့ သွားရောက်၍ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။ ထိုစဉ် နယ်ခြားစောင့်ရဲ တစ်ဦးက သေဆုံးသူ၏ အမည်ကို မေးမြန်းရာ မောင်မောင်၏ ဖခင် ဆရာ ဦးအာဘူကာလာမ်က မောင်မောင်ဟု ဖြေလိုက်သဖြင့် နယ်ခြားစောင့်ရဲက ကုလားနာမည် ဘယ်လိုခေါ်လဲဟု ထပ်မံ မေးမြန်းခဲ့သည်။ 

သားဖြစ်သူ အကြောင်းမဲ့ အသတ်ခံရ၍ ပူဆွေးသောက ရောက်နေချိန်တွင်ပင် နယ်ခြားစောင့်ရဲများ လာရောက်၍ လူမျိုးရေး စော်ကားခြင်းသည် အသတ်ခံရသူ၏ ဖခင်၏ အနာပေါ် တုတ်ဖြင့် ရိုက်နှက်သလို နာကျင်စေမည် ဖြစ်သည်။ လူတစ်ဦးကို အကြောင်းမဲ့ တမင် ရည်ရွယ်ရှိရှိ အနီးကပ် ပစ်ခတ် သတ်ဖြတ်ပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အရာရှိက လူမျိုးဘာသာ ခွဲခြားသော စကားလုံးသုံး၍ ကျောင်းဆရာ တစ်ဦးကို မေးမြန်းခဲ့ခြင်းမှာ ရိုဟင်ဂျာ တစ်မျိုးသားလုံးကို စော်ကားရာလည်း ရောက်သည်။ 

နယ်ခြားစောင့်ရဲနှင့် စကားများသူမှာ ယာဉ်မောင်းသာ ဖြစ်ပြီး ပစ်ခတ်မည် ဆိုပါက ယာဉ်မောင်းကို ပစ်ခတ်ရမည် ဖြစ်သည်။ ယခုကဲ့သို့ မည်သည့် အပြစ်မှ ကျူးလွန်ခြင်း မရှိသော ရိုဟင်ဂျာ လူငယ်လေးကို ပစ်ခတ်ခဲ့ခြင်းမှာ တမင် လူမျိုး၊ ဘာသာကို ပစ်မှတ်ထားပြီး ပစ်ခတ်ခြင်း ဖြစ်သည်။ အစိုးရမှ နှစ်ရှည် စီမံကိန်းချထားသည့် လူမျိုးတုန်း သတ်ဖြတ်မှုကိုလည်း တဖြေးဖြေး အကောင်အထည် ဖော်နေသည်မှာ ပေါ်လွင်နေသည်။ 

ဒေသခံ ရိုဟင်ဂျာများက ဤကဲ့သို့ နေ့စဉ်ရက်ဆက် အကြောင်းမဲ့ အသတ်ခံနေရခြင်း အပေါ် အထူး စိုးရိမ် ကြောင့်ကြလျက် ရှိနေကြသည်။ တာဝန်ရှိ အရာရှိကြီးများက အောက်ခြေ အာဏာပိုင်များကို ဤကဲ့သို့ လူမဆန်စွာ သတ်ဖြတ်ရန် ညွန်ကြားထားလေသလားဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ 

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ဖမ်းဆီးထားသော်လည်း မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိရသေးဟု ဒေသခံများက ဆိုသည်။ ညမထွက်ရ အမိန့်ကို ယနေ့တွင် ထပ်မံ၍ နှစ်လ သက်တမ်းတိုးမြှင့်လိုက်ပြီး၊ အမိန့် သက်တမ်း တိုးသည့် အချိန်တိုင်းတွင် ဤကဲ့သို့ အဖြစ်အပျက်များ ဖြစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။






Comment ရေးရန်

Rohingya Exodus