နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူ ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာမှ ပေးသွင်းရမည့် ငွေအတွက် လိုအပ်သည့် ပိုကောက်ခံ



Rohingya Eye
RB News
17.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက သစ်တောဦးစီးဌာနသို့ အခွန်ငွေ ပေးသွင်းရန်ဟု ဆိုကာ ကျောက်ပန္ဒူ ကျေးရွာအုပ်စု အတွင်းရှိ နေအိမ်များမှ ငွေကျပ် တစ်ထောင်စီ ကောက်ခံခဲ့သည်။ အိမ်ခြေ (၈၀၀) ကျော် ရှိသည့် ရွာတွင် ငွေကျပ် ၈ သိန်း ကျော် ရရှိမည် ဖြစ်ပြီး၊ သစ်တောဦးစီးဌာနသို့ အမှန်တကယ် ပေးသွင်းရငွေမှာ ငွေကျပ် (၄) သိန်း ဖြစ်ကြောင်း၊ ကျန်သည့် ငွေများကို အုပ်ချုပ်ရေးမှူးက မိမိ၏ ကိုယ်ကျိုးအတွက် အလွဲသုံးစား ပြုလုပ်ရန် ကောက်ခံခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

မောင်တော မြို့နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာများတွင် တောင်တန်းနှင့် နီးကပ်လျက် တည်ရှိသည့် ရွာများသည် သစ်တော ဦးစီးဌာနသို့ နှစ်စဉ် ငွေပေးသွင်း နေရသည်။ ထိုသို့ ငွေပေးသွင်း နေရခြင်းမှာ ရွာသားများ တောင်တန်းသို့ သွားလာနိုင်ရန် ဖြစ်သည်ဟု ဆိုသည်။ 

နိုဝင်ဘာလ (၂၈) ရက်နေ့မှ စ၍ အင်းဒင် ကျေးရွာ အခြေစိုက် စ.ရ.ဖ များ ဦးစီးပြီး ဘောလုံးပွဲများ ကျင်းပလျက် ရှိရာ၊ အင်းဒင်၊ ဘင်္ဘောကွေ့၊ သ၀န်ချောင်းနှင့် ကျောက်ပန္ဒူ ကျေးရွာများမှ ငွေကျပ် နှစ်သိန်းစီ ပေးရသည်ဟု သိရှိရသည်။ ငွေများကို သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ရွာအတွင်းရှိ နေအိမ်များမှ လိုအပ်သည်ထက် ပိုမို၍ ကောက်ခံခဲ့ပြီး၊ ကျောက်ပန္ဒူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တစ်အိမ်လျှင် ငွေကျပ် တစ်ထောင်စီကို နယ်ခြားစောင့်ရဲ များ၏ အကူအညီဖြင့် အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus