နောက်ဆုံးသတင်း/ဆောင်းပါးများ

နှစ်ဖက်လူထု တွေ့ဆုံရန် လိုအပ်ကြောင်း သံတမန်များကို ရိုဟင်ဂျာ ရပ်မိရပ်ဖများ တင်ပြ



RB News
18.12.2015

စစ်တွေ ။ ။ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell, မြန်မာနိုင်ငံ ဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် တို့ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာလ (၁၇) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် စစ်တွေ မြို့နယ် သက္ကေပြင် ဒုက္ခသည်စခန်းသို့ သွားရောက်၍ ရိုဟင်ဂျာ ရပ်မိရပ်ဖ (၇) ဦးနှင့် တွေ့ဆုံပြီး၊ ရိုဟင်ဂျာများ လက်ရှိ တွေ့ကြုံ နေရသည့် အခက်အခဲများနှင့် ရခိုင်လူထုနှင့် အနာဂတ်တွင် ပြန်လည် သင့်မြတ်ရေး၊ သဟဇာတ ဖြစ်ရေး၊ အတူယှဉ်တွဲ နေထိုင်ရေး တို့နှင့် ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံပွဲ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရိုဟင်ဂျာ ရပ်မိရပ်ဖ (၇) ဦးမှာ ဦးရွှေလှ၊ ဦးကျော်မြင့်၊ ဦးအောင်ကျော်၊ ဦးကျော်လှအောင်၊ ဦးမောင်ရွှေ၊ မော်လ၀ီဦးမူဟီးယဒ္ဒိန်နှင့် ဟာဖီးဇ် မိုဟာမတ်ရှကူရ် တို့ဖြစ်သည်။ 

ရပ်မိရပ်ဖ များက ရိုဟင်ဂျာ များ၏ သွားလာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အစစအရာရာ ပိတ်ပင်ခံထားရခြင်း၊ အကျဉ်းထောင် အတွင်း နေရသလို ဘ၀ခရီး ဖြတ်သန်း နေရမှုများ၊ ရိုဟင်ဂျာ ကျောင်းသားများ ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်း ဖြစ်ပြီးနောက်မှ ယခုအချိန်ထိ တက္ကသိုလ် တက်ခွင့် မရသေးခြင်း၊ သုံးနှစ်တာ ကာလအတွင်း တက္ကသိုလ် ၀င်တန်း အောင်မြင်သည့် ကျောင်းသား/သူများ တက္ကသိုလ် တက်ခွင့် မရဘဲ ပညာရေးနှင့် ဝေးကွာနေရခြင်း၊ ကျန်းမာရေး ပိုင်းတွင်လည်း ဒုက္ခသည် စခန်းများတွင် ကျန်းမာရေး ဌာနမှ ဖွင့်လှစ် ပေးထားသည့် အရေးပေါ် ဆေးခန်းများမှာ တစ်ပတ်လျှင် သုံးလေးရက်သာ ဖွင့်လှစ်ပြီး ဆရာဝန်များ ပုံမှန် လာရောက်ခြင်း မရှိခြင်း၊ ဆေးဝါး လုံလောက်မှု မရှိခြင်း၊ လိုအပ်သည့် ဆေးဝါးများ မရခြင်း၊ သွားလာရေး အပိုင်းတွင်လည်း ဒုက္ခသည် စခန်းများတွင် ပိတ်လှောင် နေရပြီး လွတ်လပ်စွာ သွားလာခွင့် မရခြင်း၊ စားဝတ်နေရေး အပိုင်းတွင်လည်း ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့မှ ထောက်ပံ့ နေသည့် စားနပ်ရိက္ခာဖြင့် လုံလောက်မှု မရှိသော်လည်း ရသလောက်ဖြင့် အသက်ရှင်နေရခြင်း စသည့် အခက်အခဲ မျိုးစုံကို တင်ပြခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းတို့က ၎င်းတို့၏ မူလမြေနေရာ များကို ပြန်လည် ရယူလိုပြီး၊ ရခိုင်လူထုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် လိုကြောင်း၊ ရခိုင်လူထုနှင့် ပြန်လည် သင့်မြတ်ရေး၊ သဟဇာတ ဖြစ်ရေး၊ အတူယှဉ်တွဲ နေထိုင်ရေး အတွက် ရိုဟင်ဂျာ လူထုနှင့် ရခိုင်လူထု များကို မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ ထိုတွေ့ဆုံပွဲ၌ နိုင်ငံတကာ သံအမတ်များ၊ နိုင်ငံတကာ ကိုယ်စားလှယ်များ၊ မီဒီယာများ ပါဝင်ရန် လိုအပ်ကြောင်း၊ ရခိုင်လူထုမှ နားလည်မှု လွှဲမှားနေသည် များကို ရှင်းလင်းရန် တွေ့ဆုံ ဆွေးနွေးလိုကြောင်း၊ နှစ်ဖက်လူထု တွေ့ဆုံမှု မရှိဘဲ တစ်ဖက်နှင့် တစ်ဖက် စကား သယ်ဆောင်ယူလာခြင်းဖြင့် သဟဇာတ ဖြစ်ရေး၊ အတူယှဉ်တွဲ နေထိုင်ရေး ကိစ္စမှာ အဆင်ပြေမှာ မဟုတ်ကြောင်း ဆွေးနွေး တင်ပြခဲ့သည်။ 

ကိုယ်စားလှယ်များသည် ရပ်မိရပ်ဖများ ဆွေးနွေးသည် များကို မှတ်တမ်းတင်၍ နံနက် ၁၀း၃၀ နာရီ အချိန်တွင် ဆွေးနွေးပွဲ ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus