နောက်ဆုံးသတင်း/ဆောင်းပါးများ

ရမ်းကုများကို တရားဝင် ဆေးကုသခွင့် ပေးထားခြင်းကြောင့် အသက်ဆုံးရှုံးမှုများ ရှိနေ



RB News
30.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် လှဖိုးခေါင် ကျေးရွာမှ ဦးလာလ်မျာ၏ ဇနီး ဒေါ်ဟာမီဒါ (အသက် ၄၇ နှစ်) သည် ဆီးချို ရောဂါ ဝေဒနာ ခံစားနေရသူ တစ်ဦး ဖြစ်ပြီး နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ၀မ်းပျက် ၀မ်းလျှော ဝေဒနာ ခံစားနေရသည့် အတွက် ဇင်ပိုင်ညာဈေးတွင် ရမ်းကု ဆေးခန်း ဖွင့်လှစ် ထားသော နူရ်အာမီးန် ထံသို့ သွားရောက်၍ ဆေးဝါး ကုသမှု ခံယူခဲ့ရာ၊ ရမ်းကု နူရ်အာမီးန်က ဆေးတစ်လုံး ထိုးပေးခဲ့သည်။ ဆေးထိုးခံပြီးနောက် အိမ်အပြန် လမ်းတစ်ဝက်တွင် ဒေါ်ဟာမီဒါ သေဆုံး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

လှဖိုးခေါင် ကျေးရွာမှပင် အမည်တူ ဒေါ်ဟာမီဒါ (အသက် ၅၀ နှစ်) သည် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ရင်တုန်၍ မောပန်း နေသောကြောင့် ကျောက်လှေကား ရွာသစ်မှ သားမက် ဖြစ်သူ မာမတ်အီလီယာစ်၏ နေအိမ်တွင် သွားရောက် တည်းခို၍ ဇင်ပိုင်ညာဈေးရှိ ရမ်းကု နူရ်အာမီးန် ထံတွင် ဆေးဝါးကုသမှု ခံယူရန် သွားရောက်ခဲ့သည်။ ဆေးခန်းသို့ ရောက်ချိန်တွင် ရမ်းကု နူရ်အာမီးန် မရှိသဖြင့် လက်ထောက် ဖြစ်သူက ဆေးထိုးပေးခဲ့သည်။ ဆေးထိုးပေးပြီးနောက် လူနာ၏ အခြေအနေမှာ ပိုမို ဆိုးရွားလာသဖြင့် ည ၁၀ နာရီ အချိန်တွင် ရမ်းကု နူရ်အာမီးန် ကိုယ်တိုင် ထပ်မံ၍ ဆေးတစ်လုံး ထိုးပေးခဲ့သည်။ ဆေးထိုးပေးပြီး နှစ်နာရီ အကြာတွင် လူနာဖြစ်သူ သေဆုံး သွားခဲ့သည်။ အသည်းရောဂါ ဝေဒနာ ခံစားနေရသူကို မလိုအပ်ဘဲ ဆေးထိုးပေးခြင်းကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု ယူဆကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ 

ဒီဇင်ဘာလ (၆) ရက်နေ့က လှဘော်ဇား ကျေးရွာမှ မဆော်မီရာ (အသက် ၂၂ နှစ်) သည် ကိုယ်ဝန်ဆောင် နေချိန်တွင် တစ်ကိုယ်လုံး ဖော်ယောင် နေသဖြင့် ဆေးကုသမှု ခံယူရန် ရမ်းကု မာမတ်နူရ် (ဘ) ဦးဆာလေ ထံသို့ သွားရောက်ခဲ့သည်။ ရမ်းကု မာမတ်နူရ်က ဆေးထိုးပေးပြီး၊ နာရီဝက် အကြာတွင် အသက်ရှု မ၀တော့သဖြင့် မြို့နယ် ဆရာဝန်ကြီး ထံသို့ ချက်ချင်း သွားရောက်၍ ဆေးကုသမှု ခံယူခဲ့သည်။ ရမ်းကု မာမတ်နူရ် ထိုးပေးသည့် ဆေးကြောင့် မဆော်မီရာ၏ ကိုယ်ဝန် ပျက်ကျသွားခဲ့သည်။ ကိုယ်ဝန်ဆောင် နေသည့် အချိန်တွင် Betnetlan နှင့် Lasix တို့ပေးသည့် အတွက် ဖြစ်ရသည်ဟု ဆေးပညာ ဗဟုသုတ ရှိသူ တစ်ဦးက RB News သို့ပြောပါသည်။ (ဆေးစာကို ရှု) ယခုအခါ ရမ်းကု မာမတ်နူရ်သည် ကျောက်လှေကားဈေး၊ နှစ်ထပ်ဆောင်တွင် ရမ်းကု ဆေးခန်း ဖွင့်လှစ် ထားသည်။ 

ဒီဇင်ဘာလ (၂၆) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်တွင် မောင်တော မြို့နယ် ကျောက်ပြင်ဆိပ် ကျေးရွာမှ မရော်ဇီယာ (အသက် ၂၅ နှစ်) သည် ပိုးသတ်ဆေး သောက်မိ၍ လှဖိုးခေါင် ကျေးရွာတွင် ဆေးခန်း ဖွင့်လှစ်ထားသော ရမ်းကု မာမူရော်ရှိတ် ထံသို့ သွားရောက်၍ ဆေးကုသမှု ခံယူခဲ့သည်။ သို့သော် ဆေးပညာ ဗဟုသုတ မရှိဘဲ တတ်ယောင်ဆောင်ကာ ဆေးကုသ ပေးခဲ့သည့် အတွက် လူနာ၏ အသက် ဆုံးရှုံး သွားခဲ့ရသည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ 

ဆေးပညာ အခြေခံ မရှိသူများကို တရားဝင် ဖွင့်လှစ်ခွင့် ပေးထားခြင်းမှာ လူသတ် လိုင်စင် ထုတ်ပေးထားသကဲ့သို့ ဖြစ်နေသောကြောင့် ရမ်းကု ဆေးခန်းများကို ပိတ်ပင်၍ နိုင်ငံတော်မှ ကျန်းမာရေး ၀န်ဆောင်မှု အပြည့်အ၀ ပေးရန် ဒေသခံများက တောင်းဆို နေကြသည်။

Comment ရေးရန်

Rohingya Exodus