နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် ကညင်တန်းမှ ဒေသခံ (၄) ဦးကို လူကုန်ကူးသူများဟု စွပ်စွဲ၍ ငွေညှစ်



Rohingya Eye
RB News
17.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာ (ဂေါ်ဇော်န်ဒီယား) မှ ဒေသခံ ရွာသား (၄) ဦးကို ဒီဇင်ဘာလ (၁၂) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မောင်တော မြို့နယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ရဲအုပ်စန်းမင်းနှင့် အဖွဲ့က နေအိမ်များမှ ဖမ်းဆီးပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ရောက်သည်နှင့် အပြစ်မဲ့ ဒေသခံ (၄) ဦးကို မလေးရှား နိုင်ငံသို့ လူကုန်ကူးခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် သိန်း (၂၀) စီပေးရန် တောင်းခံခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာက ရဲအုပ်စန်းမင်း တောင်းခံသည့် ငွေများကို ဖမ်းဆီးခံရထားသူ (၄) ဦးထံမှ တောင်းယူပေးမည်ဟု ပြောဆိုသဖြင့် ရဲအုပ်စန်းမင်းနှင့် အဖွဲ့သည် နံနက် ၁၁ နာရီ အချိန်တွင် ရွာမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူးက အပြစ်မဲ့ (၄) ဦးထံမှ ငွေတောင်းခံရာ ၎င်းတို့က မိမိတို့သည် လူကုန်ကူးရန် မပြောနှင့်၊ ကမ်းခြေဘက်သို့ပင် သွားသူများ မဟုတ်ကြောင်း ပြန်လည် ပြောဆိုရာ အုပ်ချုပ်ရေးမှူးက ငွေကျပ် သိန်း (၂၀) စီအစား ငွေကျပ် (၁၈) သိန်းစီ ပေးရန် တောင်းခံခဲ့သည်။ သို့သော်လည်း အပြစ်မဲ့ (၄) ဦးက အုပ်ချုပ်ရေးမှူး တောင်းသည့်ငွေ ပေးရန် မတတ်နိုင်သဖြင့် ရှောင်တိမ်း သွားခဲ့သည်။ 

အုပ်ချုပ်ရေးမှူးက အပြစ်မဲ့ (၄) ဦး၏ မိဘများကို ဖိအားပေးပြီးနောက် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် မိဘများက ငွေကျပ် (၁၀) သိန်း ပေးရန် သဘောတူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အပြစ်မဲ့ (၄) ဦးမှာ ရွာတွင် စာသင်ပြနေသူများ ဖြစ်ပြီး၊ လူအများ ချစ်ခင် လေးစားသူ ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့ (၄) ဦးမှာ -- 

(၁) ဟာဖီးဇ် ဦးအာဘူကာလာမ် (ဘ) ဦးအာချောရ်မျာ (အသက် ၄၈ နှစ်)
(၂) ဆရာ ဇိုက်ဟီသ်အူလ္လာ (ဘ) ဦးအာဘူတာဟဲရ် (အသက် ၂၅ နှစ်)
(၃) ဆရာ ဖေရူစ် (ဘ) ဦးအလီဇူဟာရ် (အသက် ၂၄ နှစ်)
(၄) မော်လ၀ီ မိုဟာမတ်အာလောမ် (ဘ) မော်လ၀ီ ဦးအဒူဆာလာမ် (အသက် ၂၇ နှစ်) တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus