နောက်ဆုံးသတင်း/ဆောင်းပါးများ

WFP မှ ထောက်ပံ့သော ဘီစကွတ်များကို ကျောင်းအထွေထွေ လုပ်သားက ရောင်းစား



MYARF
RB News
19.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ ကျေးရွာ အသီးသီးရှိ မူလတန်း ကျောင်းနှင့် မူလတန်း လွန်ကျောင်း များရှိ ကျောင်းသားများကို ယခင်က ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (WFP) မှ ဆန်များ ထောက်ပံ့ခဲ့သည်။ ၂၀၁၅ ပညာသင်နှစ်မှ စ၍ ဆန်အစား ဘီစကွတ်မုန့်များ ထောက်ပံ့ ပေးလျက် ရှိသည်။ WFP မှ အထောက်အပံ့ ရရှိသော ကျောင်းများထဲတွင် ဘူးသီးတောင် မြို့နယ်၊ ဆေးအိုးကျ ကျေးရွာရှိ မူလတန်းလွန်ကျောင်းလည်း ပါဝင်သည်။ WFP မှ ဘီစကွတ်မုန့် များကို ကျောင်းသား ဦးရေအလိုက် လစဉ် ထောက်ပံ့ပေးလျက် ရှိသည်။ 

ဆေးအိုးကျ ကျေးရွာ မူလတန်းလွန် ကျောင်းတွင် ကျောင်းသား ၇၀၀ ကျော်၊ အစိုးရခန့် ဆရာ/မ ၁၂ ဦးနှင့် ကျောင်း အထွေထွေ လုပ်သား တစ်ဦး ရှိသည်။ ကျောင်းအုပ်ကြီးမှာ ဒေါ်လှိုင်လှိုင်ဌေး ဖြစ်သည်။ ဆရာ/မ အားလုံးမှာ ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။ ဆရာ/မ များသည် လုံခြုံရေး အကြောင်းပြ၍ ကျောင်းသို့ လာရောက်ခြင်း လုံးဝ မရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ကျောင်းအုပ်ကြီးသည် ကျောင်းသို့ တစ်ပတ် တစ်ကြိမ်သာ လာရောက်ပြီး နာရီပိုင်းလောက်သာ နေ၍ ပြန်သွားလေ့ ရှိသည်။ ကျောင်းကို ကျောင်းအထွေထွေ လုပ်သား ဦးရှော်ရိဖ်ဟူစိန်းအား ပုံအပ်ထားသည်။ ကျောင်းလုပ်ငန်းဟူသမျှကို ၎င်းကသာ ဦးဆောင်၍ လုပ်နေရသည်။ 

ဆရာ/မများက တစ်ဦးလျှင် လစဉ် ငွေကျပ် သုံးသောင်းစီပေးပြီး၊ စုစုပေါင်း ငွေကျပ် သုံးသိန်းခြောက်သောင်းဖြင့် ရွာမှ ဆရာများ ခန့်အပ်၍ စာသင်ကြားပေးရန် ၎င်းအား ပြောကြားခဲ့သည်။ ၎င်းက ဆရာ (၄) ဦးခန့်အပ်ပြီး တစ်ဦးကို တစ်လလျှင် ငွေကျပ် နှစ်သောင်းစီ ပေးပြီး ကျန်သည့် ငွေကျပ် နှစ်သိန်းရှစ်သောင်းကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ အလွဲသုံးစား ပြုလုပ်လျက် ရှိသည်။ 

WFP မှ လစဉ် ဘီစကွတ်မုန့် ၁၅၀ ထောက်ပံ့လျက် ရှိပြီး တစ်ထုပ်လျှင် အထုတ်ငယ် ၁၄၀ ပါဝင်သည်။ အထုပ်ကြီး ၁၅၀ မှ ၈၀ ကိုသာ ကျောင်းသားများအား ဖြန့်ဝေ ပေးပြီး ကျန်သည့် ၇၀ ကို ဈေးဆိုင်များသို့ ရောင်းချခြင်းဖြင့် အလွဲသုံးစား ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ ရောင်းချ၍ ရသည့်ငွေများထဲမှ တစ်ဝက်ကို ကျောင်းအုပ်ကြီး ဒေါ်လှိုင်လှိုင်ဌေးကို ဝေစုပေးလျက် ရှိသည်ဟု ဆိုသည်။ ဈေးဆိုင်များသို့ ရောင်းချနေခြင်းနှင့် ပတ်သက်၍ ကျောင်းသား မိဘများက ကျောင်းအုပ်ကြီးကို တိုင်ကြားသော်လည်း ကျောင်းအုပ်ကြီးက ဝေစုရနေသဖြင့် အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဟု သိရသည်။ သက်ဆိုင်ရာ ပညာရေးဌာနသို့ တိုင်ကြားချင်ကြသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ခြိမ်းခြောက်မှု များကြောင့် မတိုင်ဝံ့ကြဟု ဒေသခံများက ပြောပါသည်။ 

ဒီဇင်ဘာလ (၁၆) ရက်နေ့ကလည်း ကျောင်းအထွေထွေ လုပ်သား ဦးရှော်ရိဖ်ဟူစိန်းက ဘူးသီးတောင် မြို့နယ် WFP ရုံးမှ ဘီစကွတ်မုန့်ထုပ် ၁၅၀ ထုတ်ယူလာပြီး ၈၀ ကို ကျောင်းသားများကို ဝေငှ ပေးပြီး ကျန်သည့် ၇၀ ကို ဈေးဆိုင်များသို့ တစ်ထုပ်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချခဲ့သည်။ ဈေးဆိုင်ရှင်များက အထုပ်ငယ် တစ်ထုပ်လျှင် ငွေကျပ် တစ်ရာဖြင့် ၁၄၀ ကို ငွေကျပ် တစ်သောင်းလေးထောင်ဖြင့် ပြန်လည်ရောင်းချ လျက်ရှိသည်။ အဆိုပါ ဘီစကွတ်မုန့် များမှာ ကျန်းမာရေးနှင့် ညီညွတ်သဖြင့် ရောင်းအားကောင်းသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus