နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဈေးမှ ဒန်ဆိုင်ပိုင်ရှင်များ အမှုဆင်ခံရပြီး ငွေညှစ်ခံရ



RB News
16.1.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၄) ရပ်ကွက်မှ ရဲတပည့်ကြီး ဖြစ်သူ ပီးချေ (ခ) ဦးအဒူဆော်လာမ်သည် မည်သည့် စီးပွားရေး လုပ်ငန်း တစ်ခုမှ မလုပ်ဘဲ ရဲတပည့် လုပ်ငန်းဖြင့် ဆင်းရဲ ချမ်းသာ မရွေး လူတို့၏ သွေးချွေးများ စုပ်စားလျက် အလွန်ချမ်းသာ လာခဲ့သည်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် သားတစ်ဦး အရွယ်ရောက်လာပြီးနောက် ဈေးထဲတွင် ဆောက်လုပ်ရေး ပစ္စည်း ဆိုင်တစ်ဆိုင် ဖွင့်ပေးခဲ့သည်။ ရဲတပည့် တစ်ဦး ဖြစ်သောကြောင့် ၎င်း၏ ဆိုင်သို့ လူအများ သွားရောက်၍ ၀ယ်ယူရန် ရှောင်ကျဉ်ကြသည်။ ဆိုင်တွင် အရောင်းအ၀ယ် ထိုင်းသဖြင့် ရဲအုပ်မြတ်ထွေးနှင့် ပူးပေါင်း၍ အခြားသော ဆောက်လုပ်ရေး ပစ္စည်း ရောင်းသည့် ဆိုင်ရှင်များကို နည်းမျိုးဖြင့် ဒုက္ခပေးခဲ့သည်။ 

နောက်ဆုံးတွင် အဆိုပါ ဆောက်လုပ် ပစ္စည်းဆိုင်ကို ဒန်ပစ္စည်းဆိုင် အဖြစ် ပြောင်းလဲခဲ့သည်။ 

“ဆောက်လုပ်ရေး ပစ္စည်း ရောင်းတဲ့လူတွေလည်း အန္တရာယ်က လွတ်ကင်းသွားပြီး ကျွန်တော်တို့ ဒန်အိုးဆိုင်သည် တွေဆီကို အန္တရာယ် ရောက်လာတော့တာပေါ့ဗျာ” ဟု ဒန်အိုးဆိုင် ပိုင်ရှင်တစ်ဦးက RB News သို့ပြောပါသည်။

“သူ့ရဲ့ ဆိုင်ကို ၀ယ်သူတွေ မသွားရဲကြဘူး။ လူတွေက သူ့ကို တကယ်ကိုမုန်းတယ်။ ပြီးတော့ သူ့ရဲ့ ဆိုင်က ဒန်ဆိုင်တန်းမှာ မကျတာက တစ်ကြောင်း၊ ရဲတပည့်တစ်ယောက်ရဲ့ ဆိုင်ဖြစ်တာက တစ်ကြောင်း၊ အဲဒါတွေကြောင့် သူ့ရဲ့ ဆိုင်မှာ ဘယ်သူမှ ဈေးမ၀ယ်ကြဘူး။ ပီးချေကတော့ အခြားဒန်ဆိုင်တွေကို သွားပြီး သူ့သားကို အကြံကောင်းတွေ ပေးဖို့ တိုက်တွန်းတယ်” ဟု ၎င်းကဆိုသည်။ 

“နောက်ဆုံးမှာ ဆောက်လုပ်ရေး ပစ္စည်း ဆိုင်ရှင်တွေကို လုပ်သလို ဒန်ဆိုင်ပိုင်ရှင် တွေကိုလည်း ဒုက္ခပေးလာတယ်။ တစ်ယောက်ပြီး တစ်ယောက်ကို အမှုတစ်ခုစီ တပ်ပြီး ရဲအုပ်မြတ်ထွေးကို အကြောင်းကြားတယ်။ ရဲအုပ်မြတ်ထွေးက ရဲတပ်သားသန်းမြင့်ကို လွှတ်ပြီး ခေါ်ခိုင်းတယ်။ ရဲတပ်သားသန်းမြင့်က မိတ်ဆွေကို ဗိုလ်ကြီးက စခန်းကို လာဖို့ ခေါ်နေတယ်။ ဘယ်ဗိုလ်ကြီးလဲလို့ မေးရင် ဆရာမြတ်ထွေးလို့ ဖြေတယ်။ ဘာကိစ္စလဲ မေးရင် ကိုယ့်လူရင်းမို့ လာခေါ်တာ၊ မလာရင် လက်ထိပ်ခတ်ခေါ်သွားမှာ ဆိုတော့ လိုက်သွားရတယ်။ စခန်းရောက်တာနဲ့ အမှုစစ်ရမယ် ဘာညာပြောတယ်။ တချို့လည်း ရဲကခေါ်တာကို လန့်လို့ လူကိုယ်တိုင် လိုက်မသွားဘဲ ပီးချေကို သွားတွေ့တယ်။ အဲဒီလိုနဲ့ အခု တစ်လခွဲ အတွင်းမှာ ငွေသိန်းချီ ညှစ်ခံလိုက်ရတယ်” ဟု ဆက်လက် ပြောပါသည်။ 

အမှုဆင်ခံရပြီး ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးဂူရာမျာ (ဘ) ဦးရှော်ဖီ (အမှတ် (၂) ရပ်ကွက်မှ - WY အမှု) ညှစ်ခံရသည့် ငွေကျပ် ၁၃ သိန်း
(၂) ဦးနာဆိရ် (လူကုန်ကူးမှု) ညှစ်ခံရသည့် ငွေကျပ် ၂၀ သိန်း
(၃) မော်လ၀ီ ဦးအာမိရ်ဟမ်ဇား (ဘင်္ဂလားသို့ တရားမ၀င် သွားမှု) ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း
(၄) ဦးအာယာတုလ္လာ (WY အမှု) ညှစ်ခံရသည့် ငွေကျပ် ၂၀ သိန်း
(၅) ဦးကော်မာလ်ဟူစိန်း (လူကုန်ကူးမှု) ညှစ်ခံရသည့် ငွေကျပ် ၇ သိန်း
(၆) ဦးဟာဖီးဇ် အလီမာမတ် (ငွေလဲလည်မှု) ညှစ်ခံရသည့် ငွေကျပ် ၁၀ သိန်း -- တို့ဖြစ်သည်။ 

“ဦးဂူရာမျာကို ပီးချေက လဘက်ရည် သောက်ဖို့ လဘက်ရည်ဆိုင်ကို ခေါ်သွားတယ်။ ပြီးတော့ မင်းကို မြတ်ထွေးက ခေါ်ထားတယ် ဆိုတာ ဟုတ်လားလို့ မေးတယ်၊ ဦးဂူရာမျာက ဟုတ်တယ်၊ ဒါပေမယ့် မောင်တော သွားစရာ ရှိလို့ မနက်ဖြန်မှ သွားတွေ့မယ် ပြောတာနဲ့ ပီးချေက ခါးကြားက ဖုန်းထုတ်ပြီး မပူနဲ့ ငါရှင်းပေးမယ်လို့ ပြောပြီး ရဲကို ဖုန်းဆက် ခေါ်တယ်။ ချက်ချင်း ရဲ ၆ ယောက် ဆိုင်ကယ် ၃ စီးနဲ့ ရောက်လာပြီး ဦးဂူရာမျာကို လက်ထိပ်ခတ်ပြီး ဓါးပြ တစ်ယောက်ကို ဖမ်းသလို ဖမ်းသွားတယ်။ စခန်းမှာ တစ်ညချုပ်ထားပြီး နောက်နေ့ ငွေ ၁၃ သိန်း ညှစ်ပြီးမှ ပြန်လွှတ်လိုက်တယ်” ဟု အဆိုပါ ဒန်ဆိုင်ပိုင်ရှင်က ပြောပါသည်။ 

“ကျွန်တော်တို့ ပေးလိုက်ရတဲ့ ငွေတွေကို တစ်နှစ်အတွင်း ပြန်ရှာဖို့တောင် မလွယ်ဘူး၊ အခု ဆုံးရှုံးသွားတဲ့ ငွေတွေကြောင့် အိမ်မှာ စားဝတ်နေရေးတောင် ထိခိုက်လာတယ်” ဟု ဆက်လက် ပြောပါသည်။

Comment ရေးရန်

Rohingya Exodus