နောက်ဆုံးသတင်း/ဆောင်းပါးများ

သိမ်တောင်ပြင် အုပ်ချုပ်ရေးမှူးက တံတားဆောက်ရန် ငွေမှ ကျပ် (၁၅) သိန်း အလွဲသုံးစား ပြုလုပ်



MYARF
RB News
15.1.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ သိမ်တောင်ပြင် ကျေးရွာရှိ တံတားတစ်စင်း ပျက်စီး နေသောကြောင့် ရွာသားများက နိုင်ငံတော်မှ ပြန်လည် ဆောက်လုပ် ပေးပါရန် မြို့နယ် အုပ်ချုပ်ရေးမှူးထံ ရေးသား တင်ပြခဲ့သည်။ မြို့နယ် အုပ်ချုပ်ရေးမှူးက စီစစ်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ လဆန်းပိုင်းတွင် သိမ်တောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်း (ဒိုင်းနက်လူမျိုး) အားခေါ်ယူပြီး တံတား ဆောက်လုပ်ရန် ငွေကျပ် သိန်း ၂၀ ထုတ်ပေးခဲ့သည်။ ငွေပေးနေစဉ် မြို့နယ် အုပ်ချုပ်ရေးမှူးက တံတားကို သစ်မာဖြင့် အခိုင်အမာ ဆောက်လုပ်ရန် မှာကြားခဲ့သည်။ 

မြို့နယ် အုပ်ချုပ်ရေးမှူးက မှာကြားထားသော်လည်း ဦးမောင်သိန်းက ငွေကျပ် သိန်း (၂၀) မှ ငွေကျပ် (၅) သိန်းသာ အကုန်အကျခံပြီး အညံ့စား သစ်ဖြူများဖြင့် တံတားကို ဆောက်လုပ်ခဲ့သည်။ ထို့အပြင် တံတား ဆောက်လုပ်ရန် လက်သမားများကို လုပ်အားခ ပေး၍ မငှားဘဲ အတင်းအဓမ္မ လုပ်အားပေး ခိုင်းခဲ့သည်။ 

မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှ ရရှိသည့် ငွေကျပ် သိန်း (၂၀) မှ (၅) သိန်းဖြင့် တံတား ဆောက်လုပ်၍ ကျန်သည့် (၁၅) သိန်းကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

“တံတားက ဒီဇင်ဘာလ (၅) ရက်နေ့မှာ ဆောက်လို့ ပြီးသွားခဲ့တယ်။ အညံ့စား သစ်ဖြူတွေနဲ့ ဆောက်ထားတော့ အဲဒီ တံတားက နှစ်နှစ်တောင် ခံမှာမဟုတ်ဘူး” ဟု အတွေ့အကြုံ ရင့်ကျက်သည့် လက်သမားကြီး တစ်ဦးက ပြောသည်။ 

၂၀၁၅ ဒီဇင်ဘာလတွင် သိမ်တောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်း၊ ဆေးသမားရွာမှ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ သတင်းပေး ဦးရော်ရှိတ်အာမတ် (ဘ) ဦးမောင်တူလ်ဟူစိန်း တို့ပူးပေါင်း၍ ဆေးသမားရွာမှ ဒေါ်နူရ်နာဟာရ်ဘေဂမ်၏ မြေ ၀.၂၀ ဧကကို အာဏာပြ၍ သိမ်းယူပြီး ထိုမြေနေရာတွင် ဆန်စက် ဖွင့်လှစ်ထားသည်။ အဆိုပါ ဆန်စက် နေရာသည် ရွာအလယ်တွင် တည်ရှိပြီး၊ ဆန်စက်ကို နေ့ညမပြတ် ဖွင့်၍ စပါးများ ကြိတ်နေသည့် စက်သံကြောင့် ကျောင်းသားများနှင့် ကလေးငယ်များ အတွက် အနှောက်အယှက် ဖြစ်စေသည့် အပြင်၊ စက်၏ မီးခိုး၊ ဖုန်၊ စပါးခွံများ ဖြန့်ထွက်မှုကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများနှင့် ရွာသားများ စိုးရိမ်လျက် ရှိနေကြသည်။

Comment ရေးရန်

Rohingya Exodus