နောက်ဆုံးသတင်း/ဆောင်းပါးများ

မေယုသင်္ဘောမှသည် စည်လုံးညီညွတ်ရေးသို့

(Photo: Wikipedia)

MYARF
RB News
27.1.2016

ဤဆောင်းပါးကို ရေးဖို့ အ​ကြောင်းဖန်​လာခြင်းမှာ ၂၀၁၆ ခုနှစ်​ ဇန္နဝါရီလ (၃) ရက်နေ့ ဘီဘီစီ အသံလွှင့်ဌာန၏ မေးမြန်းခန်း​၌ မေယု စစ်ရေယာဉ် သင်္ဘောနှင့် ပတ်​သက်​၍ ၎င်းသ​င်္ဘော တာဝန်ခံဟောင်း ရေတပ်ဗိုလ်မှူးကြီး တစ်ဦး၏ ရှင်းလင်း ဖြေကြားချက်ကို နားဆင်​ပြီးမှ ဖြစ်သည်။ ၎င်း၏ ဖြေကြားချက်အရ ထိုသင်္ဘောသည် အင်္ဂလိပ် အစိုးရ၏ စစ်ရေယာဉ် တစ်စီး ဖြစ်သည်။ ထိုသ​င်္ဘော၌ အင်္ဂလိပ် အမည်နာမ တစ်ခုလည်း ရှိခဲ့သည်။ ထိုအမည် နာမကိုမှု အသံလွှင့်ချက်မှ သဲကွဲစွာ မကြားသိရ၍ ဖေါ်ပြနိုင်ခြင်း မရှိပါ။ (ဤသည်မှာ စာရေးသူ၏ အားနည်းချက် ဖြစ်ကြောင်း ဝန်ခံပါသည်။)

ထိုစဉ် ၁၉၄၇-ခုနှစ်​ အချိန်အခါ ဖြစ်သည်။ မြန်မာတို့၏ နိုင်ငံရေး အရှိန်အဝါသည် အထွဋ်အထိပ်သို့ ရောက်နေပြီဖြစ်၍ အင်္ဂလိပ် အစိုးရသည် ထိုသင်္ဘောကို မြန်မာတို့သို့ လွှဲပြောင်းပေးခဲ့သည်။ အခမ်းအနားနှင့် လက်ခံ ရယူပြီးနောက် ရန်ကုန် ဆိပ်ကမ်းတွင် ဆိုက်ကပ်စေပြီး၊ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် သင်္ဘောပေါ် တက်ရောက်လျှက် လွတ်လပ်ရေး မိန့်ခွန်း ခြွေခဲ့သည်။ ထိုအခမ်းအနားမှာပင် ဗိုလ်ချုပ် ကိုယ်တိုင်က ထိုသ​ဘောင်္၏ အမည်နာမကို မှည့်ခေါ်ခဲ့သည်။

အမည်မှည့် ခေါ်ရခြင်း၏ အကြောင်းရင်းမှာ မြန်မာတို့သည် ဂျပန်တို့အား မြန်မာ့မြေပေါ်မှ တိုက်ထုတ်ခဲ့စဉ်က မြန်မာနိုင်ငံ၏ အနောက်ဘက်၊ ရခိုင်ပြည်၏ အနောက်မြောက်ဘက်တွင် မြောက်မှ တောင်သို့ စီးဆင်းတည်ရှိနေသော မေယုမြစ်၏ အဝတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးမှ အစွဲပြုခဲ့သည်။ တိုက်ပွဲတွင် ထိုသင်္ဘောသည် ရေပြင်မှနေ၍ တိုက်ခိုက်ခဲ့သည်။ မေယုဒေသ၌ နေထိုင်လျက် ရှိနေခဲ့သော လူမျိုးစု နှစ်စု (ရခိုင်+ မူဆလင်) မှလွတ်လပ်ရေး ရလိုသော ဆန္ဒနှင့် စည်းရုံး ပူးပေါင်းကာ ကုန်းကြောင်း၊ ရေကြောင်း နှစ်ဘက်ညှပ် တိုက်ခိုက်ပြီး ဂျပန်တို့အား အပြတ် တိုက်ထုတ်နိုင်ခဲ့သည်။ ၎င်းတိုက်ပွဲကို အရင်းခံလျက် စည်းရုံးနိုင်ခဲ့ခြင်း၊ အောင်မြင်နိုင်ခဲ့ခြင်းတို့ကို အစွဲပြုပြီး “မေယု” သင်္ဘောဟု မှည့်ခေါ်ခဲ့ကြောင်း၊ သူ၏ မိန့်ခွန်းတွင် အတိအလင်း ရှင်းလင်း ပြောပြခဲ့သည်။ သို့နှင့် မေယု သည် လွတ်လပ်ရေး၏ သင်္ကေတ၊ စည်းလုံးမှု၏ မှတ်ကျောက် ဖြစ်လာခဲ့သည်။

၎င်းပြင် ၁၅ ရာစု၊ သက္ကရာဇ် ၁၄၀၀ တွင် ရခိုင်ပြည်ကြီးသည် ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်သွားရာမှ နှစ်ဘက်လူမျိုးစုတို့ ပူးပေါင်း၍ နရမိတ်လှ ဦးဆောင်ကာ ရခိုင်ပြည်ကြီးကို ကမ္ဘာ့မြေပုံတွင် ပြန်လည် ရေးဆွဲနိုင်ခဲ့သည်။ မြောက်ဦးမြို့တွင် နန်းရာဆိုက်၍ မြောက်ဦးခေတ် ဟူ၍ပင် ကျော်ကြား ရာဇဝင်တွင်ခဲ့သည်။ သို့သော်လည်း ထိုယခင် မှတ်ကျောက် တင်ခံခဲ့ရခြင်း၊ ရာဇဝင်တွင်ခြင်းစသော စည်းရုံးမှုမှာ ၂၀၁၂ ခုနှစ်တွင် လူမျိုးရေး ဘာသာရေး ဆန်​သော မုန်းတီး တိုက်ခိုက်မှုဖြင့် လုံးဝ ပျက်သုဉ်းခံ ခဲ့ရရှာသည်။

ထိုမုန်းတီး​ရေး မုန်​တိုင်း၏ အကျိုးရလဒ်ကား၊ ရခိုင်ပြည်သည် တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် အနိမ့်ဆုံးအဆင့်သို့ ရောက်သွားရခြင်း၊ ရခိုင့်သယံဇာတများ ရခိုင်ပြည်သူတို့၏ အကျိုးမဲ့စွာ နိုင်ငံခြားရောက်သွားခြင်း၊ သေကြေပျက်စီးခြင်း၊ အိုးမဲ့အိမ်မဲ့ ဘဝသို့ ရောက်ရှိခြင်း စသည်တို့သာ ဖြစ်ကြသည်။ ထို့အပြင်​ မြန်​မာနိုင်​ငံတွင်​ ရာစုနှစ်​ များစွာ၏ အလွတ်​လပ်​ဆုံး ​ရွေး​ကောက်​ပွဲဟု တင်​စား ဟစ်​​ခေါ်ခဲ့​သော ​၂၀၁၅ ​ရွေး​ကောက်​ပွဲတွင်​ မူဆလင်များ မဲမထည့်နိုင် ဖြစ်ခဲ့ရသည်။ ၎င်းကို ရခိုင်လူမျိုး အချို့က မိမိတို့၏ အောင်မြင်မှုဟု ထင်မှတ်ကျေနပ်နေကြသည်။ ထိုအချက်ကိုပင် မဲဆွယ်စဉ်က အရသာရှိရှိ၊ ဇာတိသွေးနိုးကြားလျက် မဲဆွယ်ခဲ့သည်။ မူဆလင်တို့အား ခိုးဝင် ဘင်္ဂါလီဟုလည်းကောင်း၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိဟူ၍ လည်းကောင်း တွင်တွင်ကျယ်ကျယ် သုံးနေကြသည်။

သို့​သော်လည်း​ ရခိုင်သမိုင်းကို လေ့လာကြည့်လျှင် ရခိုင်​လူမျိုး တစ်​ဦး ဖြစ်​​သည့်​ ဦးအောင်သာဦး ရေးသားခဲ့​သော “ရခိုင်ရာဇဝင်” စာအုပ်၏ အဆိုအရ ထိုအမည် နာမသည် ရခိုင်-မြန်မာစစ်ပွဲ (မြောက်ဦးခေတ်)၌ ထိုလူမျိုးများ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ခြင်းကို အစွဲပြု၍ ရခိုင်တို့က “ရွာဟောင်းကကျား”ဟုခေါ်ဆိုရာမှ ရိုဟင်ဂျာ ဖြစ်လာသည်ဟု အတိအလင်း ဖေါ်ပြထားသည်။ ထို့အပြင် ၁၉၆၁ ခုနှစ်မှ ၁၉၆၅ ခုနှစ်ထိ မြန်မာ့အသံ တိုင်းရင်းသား အစီအစဉ်မှ ၅ နှစ်ထိထိ အသံလွှင့်ခြင်း ခံခဲ့သော အမည်နာမ၊ ငြင်းရန်​ခက်​ခဲ​သော သမိုင်းအ​ထောက်​အထားနှင့် ပြည့်စုံသော အမည်​နာမရှင်​ ရိုဟင်​ဂျာလူမျိုး ဖြစ်ကြသည်။ ၎င်းရိုဟင်ဂျာ ဟူသည့် အမည်နာမ တစ်ခုသာ ဖြစ်သည်။ ဘင်္ဂါလီခေါ်လျှင်လည်း ထိုလူမျိုး၊ ရိုဟင်ဂျာဆိုပြန်လည်း ထိုလူမျိုးပင်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိဆိုရာ၌ နောက်ကွယ်တွင် တစုံတရာသော ရည်ရွယ်ချက်များ ရှိမည်လား။

AA တပ်ဖွဲ့ဝင်များနှင့် တိုက်ရခြင်းမှာ AA များရခိုင်ကို ကြီးစိုးလာလျှင် မူဆလင်များကို ဒုက္ခပေးမည် ဖြစ်၍ တိုက်ရခြင်း ဖြစ်ကြောင်း ဝန်ကြီးအောင်မြင့်မှ ကြေညာလာပြန်သည်။ အဘယ် ရည်ရွယ်ချက်ပါနည်း။ စဉ်းစားရန် အချိန်တန်ပါသည်ဟု ယူဆပါသည်။ လက်​​တွေ့မှာမူ ထိုရိုဟင်​ဂျာ လူမျိုးများကို​ မြန်မာ့မြေ၊ ရခိုင်မြေပေါ်မှ ပျောက်ကွယ် သွားအောင် ကျင့်သုံးနိုင်​မည့် လမ်းစဉ် ရှိမည် မထင်ပါ။ အဘယ်ကြောင့်နည်း။

၁၅ ရာစု မြောက်ဦးခေတ်မှသည် ယနေ့ထိကို အသေအချာ လေ့လာကြည့်ပါက ထိုလူမျိုးတို့သည် မြောက်ဦးခေတ်တွင် ရှင်ဘုရင် (၁၇၃၇ ခုနှစ်၊ ၃၇ ကြိမ်မြောက်သော ရှင်ဘုရင်) စစ်သူကြီး (မာဂန်)၊ တရားသူကြီး (ဒေါလောတ်ခါဇီ)၊ စာရေးဆရာ (အဒူမင်းညို) တစ်ခြားသော အရာရှိ အရာခံများ၊ လွတ်လပ်ရေး ခေတ်တွင်၊ အမတ်ကြီး (ဦးဆုလ်တန်မာမွတ်၊ ကျန်းမာရေးဝန်ကြီး)၊ ပါလီမန်အတွင်းဝန် (ဦးဆုလ်တန်၊ မောင်တော)၊ ဆိုရှယ်လစ်ခေတ်တွင် ပါလီမန်အမတ်များ၊ ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်များ၊ အရာရှိကြီးများ၊ အစိုးရဝန်ထမ်းများ (ရှိနေဆဲ) ဖြစ်ခဲ့သည်။ ၎င်းတို့ကို မဲထည့်ပိုင်ခွင့် မရှိဟူသော ပါလီမန်၏ ဆုံးဖြတ်ချက်ဖြင့် လူမျိုးတစ်ခုလုံးကို ဖျောက်ပစ်​၍ မရနိုင်ပါ။ အမှန်တရားမှာ ပေါ်လာစမြဲပါ မဟုတ်ပါလား။ စဉ်းစား ရမည်သာ။

၂၀၁၂ ခုနှစ် ကိစ္စမှာ မူဆလင် လူငယ်သုံးဦးမှ ရခိုင် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်​ဟုဆို၍ တစ်ပြည်လုံး အုံကြွခဲ့သည်။ သို့​သော်​ ရခိုင်​အမျိုးသမီးကို မုဒိမ်းကျင့် သတ်ဖြတ်​ခဲ့သည်​ဟု စွပ်​စွဲခံခဲ့ရသော မူဆလင် လူငယ် သုံးဦးမှာ အမှန်တကယ် ပြစ်​မှုကျူးလွန်​ခဲ့သူများလား ဆိုသည်​မှာလည်း မ​ရေရာ မ​သေချာခဲ့​သော ပုံပြင်​လိုလို ပြဇတ်​လိုလို ဒဏ္ဌာရီဆန်​ဆန်​ ဖြစ်​ပါသည်​။ အလားတူ ၂၀၁၅ ခုနှစ်​ ဒီဇင်ဘာလတွင် တပ်မတော်သား တစ်ဦးမှ ၈-နှစ်သာ ရှိသော ရခိုင် မိန်းကလေးငယ် တစ်ဦးကို စစ်တွေတွင် မုဒိန်းကျင့် ခဲ့သည်။ ကလေးမ ခမျာ ဆေးရုံတွင် သေဆုံးခဲ့ ရရှာသည်။ ဤအရေးကိစ္စတွင်မူ အဘယ်ကြောင့် တစ်ပြည်လုံး အုံကြွခြင်း မရှိခဲ့ပါသနည်း။ လေးလေးနက်နက် စဉ်းစားရမည့် အချက်ပင်ဖြစ်​သည်​။

ယုတ်စွ အဆုံးပြောရလျှင် ပြင်ပ ပယောဂ နှင့် အမုန်းစကား ပြန့်ပွားနိုင်ခြင်းကို အမှန်တရားဟု ထင်နေသရွေ့ ရခိုင်​ပြည်​နှင့် ၎င်း၏ ပြည်​သူများသည်​ အဆင့်နိမ့်ကျခြင်း၊ ပိုမို ဆင်းရဲခြင်း၊ သယံဇာတ အလုခံရခြင်း၊ အနိမ်ခံ ဘဝတွင် နေရခြင်း စသော အဟောသိကံများအပြင် လူအများ မျှော်လင့် တောင်းတနေသော “ဖယ်ဒရယ်” ရရှိမှုတွင် နောက်ကျ ကျန်ရစ်ခြင်း၊ နှောင့်နှေးခြင်း၊ အဟန့်အတားဖြစ်ခြင်းများ ဖြစ်လာမည်မှာ မြေကြီး လက်ခတ်မလွှဲ သေချာ နေပါသည်။

ထိုသို့သော သွေးထိုး လှုံဆော်မှုများအား ဟန့်တား ကာကွယ်နိုင်သော အရာက လူမျိုးနှစ်မျိုး စည်းရုံး ပူးပေါင်းမှုဖြင့် အောင်မြင်ခဲ့သော နည်းလမ်းသာ ဖြစ်သည်။ ယခုအချိန်ကား စဉ်စား၊ ဆင်ခြင်၊ သုံးသပ်ရမည့် အချိန်ပင်။ သို့နှင့် "မေယုသင်္ဘောမှသည် စည်းရုံးရေးသို့" ဆောင်ပုဒ်နှင့်အညီ စဉ်းစားဆင်ခြင်နိုင်ခြင်းအံ့သောဌာ ဤ​ဆောင်းပါးကို ရေးသားလိုက်ရ​ကြောင်းပါ။

ကျေးဇူးတင်ပါ၏

စန္ဒြမောင်စိက္ကေ - ရခိုင်မြေ ရေးသားတင်ပြသည်။ 


Comment ရေးရန်

Rohingya Exodus