နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွေးကောက်ပွဲ ရှုံးနိမ့်သည့် ကျေးရွာ တာဝန်ခံက ရွာသားများကို လုပ်ကြံ တိုင်တန်းပြီး ငွေညှစ်ခိုင်း



MYARF
RB News
26.1.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဒုအိုးသည်မ ကျေးရွာတွင် ဇန်န၀ါရီလ (၁၁) ရက်နေ့က ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ လက်ရှိ ကျေးရွာ တာဝန်ခံ ဦးအီနုစ် ရှုံးနိမ့်ခဲ့ပြီး ဦးအာရောဖ်အုလ္လာ အနိုင် ရရှိခဲ့သည်။ သို့ဖြစ်၍ ကျေးရွာ တာဝန်ခံ ဦးအီနုစ်က ရွာသားများက ၎င်းအား မဲမပေးခဲ့သောကြောင့် ရွာသားများကို ကလဲ့စားချေသည့် အနေဖြင့် ရွာသားများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ အမျိုးမျိုး လုပ်ကြံ တိုင်တန်းပြီး ငွေညှစ်စေလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် ကျေးရွာ တာဝန်ခံ ဦးအီနုစ်က ယင်းကျေးရွာအုပ်စု ဘော်လီရွာမှ ဆိုင်ကယ်တက္ကစီ မောင်းသူ ဦးရာမတ်အုလ္လာ (ဘ) ဦးဘော်ဒီယိုရာမန် (အသက် ၃၀ နှစ်) အား ဆိုင်ကယ်ဖြင့် လူတစ်ဦး တိုက်မိသည်ဟု လုပ်ကြံ လီဆယ်၍ ညောင်ချောင်းရှိ နယ်ခြားစောင့်ရဲ များကို တိုင်တန်းပြီး ငွေကျပ် နှစ်သိန်း ညှစ်စေခဲ့သည်။ 

ဇန်န၀ါရီလ (၁၄) ရက်နေ့ကလည်း သိမ်တောင်ပြင် ကျေးရွာအုပ်စု ဆေးသမားရွာမှ ဒုအိုးသည်မ ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်သူ ဦးအဒူလ်ဂဖာရ် (ဘ) ဦးအိန္နားမီးန်ကို လူကုန်ကူး ပွဲစားဟု ညောင်ချောင်းရှိ နယ်ခြားစောင့်ရဲ များထံ လုပ်ကြံ၍ တိုင်တန်းပြီး ငွေကျပ် (၆) သိန်း ညှစ်စေခဲ့သည်။ 

နယ်ခြားစောင့်ရဲ များကလည်း တိုင်တန်းလာသည်ကို မှန်မမှန် စီစစ်ခြင်း မရှိဘဲ တိုင်တန်းခံရသူ များကို ဖမ်းဆီး ရိုက်နှက်ပြီး ငွေညှစ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus