နောက်ဆုံးသတင်း/ဆောင်းပါးများ

န.တ.လ ရွာသားများက ရိုဟင်ဂျာများ၏ တိရစ္ဆာန်များကို ဖမ်းဆီး၍ ငွေညှစ်



Rohingya Eye
RB News
28.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အောင်ဇေယျ (န.တ.လ) ရွာမှ ရခိုင်ရွာသား များသည် ၎င်းတို့၏ လယ်မြေများတွင် ယခင်က သီးနှံများ စိုက်ပျိုးခဲ့သော်လည်း ယခုအခါ မြေလွှတ် အဖြစ်ထားသဖြင့်၊ ၎င်းတို့၏ လယ်မြေများတွင် အနီးအနားရွာရှိ ရိုဟင်ဂျာများ၏ နွားများ၊ ဆိတ်များ ကျက်စားလေ့ ရှိရာ၊ အဆိုပါ တိရစ္ဆာန်များကို ရခိုင်ရွာသားများက ဖမ်းဆီး ထိန်းသိမ်း၍ အတင်း အဓမ္မ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ကျီးကန်းပြင် အနောက်ရွာမှ ဦးရှုနာလီ (ဘ) ဦးမာမတ်တွာရဲစ် (အသက် ၆၅ နှစ်) ၏ နွားထီး တစ်ကောင်သည် န.တ.လ ရွာမှ လယ်မြေတွင် ကျက်စားနေစဉ် ရခိုင်ရွာသား များက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ နွားပိုင်ရှင် ဦးရှုနာလီက န.တ.လ ရွာသို့ သွားရောက်၍ ၎င်း၏ နွားကို ပြန်ပေးရန် တောင်းခံရာ ရခိုင်ရွာသားများက ငွေကျပ် တစ်သိန်း တောင်းခံသဖြင့်၊ ငွေကြေး မတတ်နိုင်သောကြောင့် နေအိမ်သို့ ပြန်လာခဲ့သည်။ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် န.တ.လ ရွာသားများကို ငွေကျပ် (၆) သောင်းပေး၍ နွားကို ပြန်လည် ယူဆောင်လာခဲ့ကြောင်း ရွာသားများက RB News သို့ပြောသည်။ 

အလားတူ ကျီးကန်းပြင် အလယ်ရွာမှ ဦးဆော်လိမ် (ဘ) ဦးဟာမိတ် (အသက် ၆၅ နှစ်) ၏ ဆိတ်သုံးကောင်ကိုလည်း ဖမ်းဆီးသွားခဲ့ရာ ငွေကျပ် (၃) သောင်း ပေး၍ ပြန်လည် ယူခဲ့ရသည်။

Comment ရေးရန်

Rohingya Exodus