နောက်ဆုံးသတင်း/ဆောင်းပါးများ

စံကားပြင် ကျေးရွာမှ ဒေသခံ တစ်ဦးကို လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးထား



MYARF
RB News
11.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ စံကားပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းက ယင်းကျေးရွာမှ ဦးအာမတ်ဒူလ္လာ (ဘ) ဦးဆုလ်တာန် (ရပ်မိရပ်ဖ - ငါးဦး ကော်မီတီဝင်) ကို ဖေဖော်ဝါရီလ (၄) ရက်နေ့ နံနက်ပိုင်းတွင် ဆွေးနွေးရန် ရှိသည်ဟု ဆင့်ခေါ်ပြီး၊ စခန်းသို့ ရောက်သည်နှင့် ကြိမ်ချောင်း စခန်း၏ ညွန်ကြားချက်အရ ဟုဆိုကာ ဖမ်းဆီးပြီး ကြိမ်ချောင်း စခန်းသို့ ပို့ဆောင်ခဲ့သည်။ 

ကြိမ်ချောင်း စခန်းက ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စံကားပြင် ကျေးရွာမှ ဦးအာဘူတော်ယုဖ်နှင့် ဦးကူရှိတ်အာလောမ် တို့ထံမှ ရရှိခဲ့သည့် WY ၂၀ ပြားမှာ ၎င်း၏ WY များ ဖြစ်ကြောင်း၊ ဖမ်းဆီးခံထားသူ နှစ်ဦးက ထွက်ဆိုခဲ့သည်ဟု လုပ်ကြံ ပြောဆို၍ မောင်တော မြို့မှ တဆင့် ဘူးသီးတောင် အကျဉ်းထောင် ခြံဝင်းအတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အချုပ်ခန်းသို့ ပို့ဆောင်ခဲ့သည်။ ဦးအာမတ်ဒူလ္လာသည် အကျိုးအကြောင်း တစ်ခုမှ သေချာမသိရဘဲ ချုပ်နှောင် ခံထားရသည်။ 

ဦးအာမတ်ဒူလ္လာအား ဖမ်းဆီးခြင်းမှာ ဦးအာဘူတော်ယုဖ်နှင့် ဖခင် ဖြစ်သူ ဦးရှောမ်ရှုတို့၏ လုပ်ကြံမှုကြောင့်သာ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဖေဖော်ဝါရီလ (၁) ရက်နေ့ နေ့လည် ၂ နာရီခန့် အချိန်တွင် မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ကြိမ်ချောင်း ရဲစခန်း) မှ နယ်ခြားစောင့်ရဲ များက သတင်းပေး နူရ်ဂျူဟာရ် (ခ) မော်ရစ်ချာနှင့် ပူးပေါင်း၍ စံကားပြင် ကျေးရွာမှ ဦးအာဘူတော်ယုဖ် (ဘ) ဦးရှောမ်ရှုနှင့် ဦးကူရှိတ်အာလောမ် (ဘ) ဦးနော်ဇိရ်အာမတ် တို့ကို ကြိမ်ချောင်းဈေးမှ ဆိုင်ကယ်စီး၍ ပြန်လာနေစဉ် WY ၂၀ ပြား ဆိုင်ကယ်ထဲသို့ ထည့်သွင်း ပေးက လုပ်ကြံ ဖမ်းဆီးခဲ့ပြီး ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။ 

စံကားပြင် ကျေးရွာတွင် ကျေးရွာ တာဝန်ခံ ရာထူးအတွက် ဦးအာဘူတော်ယုဖ်နှင့် ဦးအာမတ်ဒူလ္လာ တို့နှစ်ဦး အမည်ထွက် နေသည်။ ထို့ကြောင့် ဦးအာဘူတော်ယုဖ် ဖမ်းဆီး ချုပ်နှောင်ခံရလျှင် ဦးအာမတ်ဒူလ္လာ ကျေးရွာ တာဝန်ခံ ရာထူးရရန် သေချာနေသည်။ သို့ဖြစ်၍ ဦးအာမတ်ဒူလ္လာနှင့် ရန်ငြိုးရှိသူ ဦးအာဘူတော်ယုဖ်၏ ဖခင် ဦးရှောမ်ရှုက ဦးအာမတ်ဒူလ္လာ ကျေးရွာ တာဝန်ခံ ဖြစ်မည်ကို မနာလိုစိတ် ဖြစ်ပြီး၊ ၎င်း၏သား ဦးအာဘူတော်ယုဖ်နှင့် တွေ့ဆုံပြီး ထိုကဲ့သို့ ထွက်ဆိုခိုင်းပြီး ဦးအာမတ်ဒူလ္လာအား ဖမ်းဆီးစေခဲ့ခြင်း ဖြစ်သည်။ 

ဦးအာမတ်ဒူလ္လာသည် စံကားပြင် ကျေးရွာတွင် လက်ရှိ (ရပ်မိရပ်ဖ - ငါးဦး ကော်မီတီဝင်) တစ်ဦး ဖြစ်သည်။ ဦးအာဘူတော်ယုဖ်နှင့် ဦးကူရှိတ်အာလောမ် တို့နှစ်ဦး WY နှင့် ဖမ်းဆီးခံရခြင်းမှာ ဦးအာမတ်ဒူလ္လာနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိဘဲ၊ ဦးအာမတ်ဒူလ္လာသည် အများပြည်သူ လေးစားခံရသည့် လူရိုး လူကောင်း တစ်ဦးသာ ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus