နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲနှင့် စစ်သားများ ပူးပေါင်း၍ ဒေသခံ (၃) ဦးကို လုပ်ကြံ ဖမ်းဆီး ရိုက်နှက် ငွေညှစ်



MYARF
RB News
11.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဒေသ (၁)၊ အမှတ် (၂) နယ်မြေ၊ မိုင်တိုင် (၄၃) အောင်ဇံ ကျေးရွာအုပ်စု၊ ဖူရာန်မာဂျွား ကျေးရွာ အခြေစိုက်၊ ခမရ (၅၅၂) တပ်ရင်း၏ စခန်းခွဲ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်တပ် ပူးပေါင်း၍ လုံခြုံရေး တာဝန်ယူထားသည့် မိုင်တိုင် (၄၃) လုံခြုံရေး စခန်းမှ တပ်မတော် ဒု-တပ်ရင်းမှူးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒုရဲအုပ် တို့အဖွဲ့သည် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် အောင်ဇံ ကျေးရွာအုပ်စု၊ ဖူရာန်မာဂျွား ကျေးရွာသို့ သွားရောက်၍ ယင်းရွာမှ ဦးအာမိရ်ဟူစိန်း (ဘ) ဦးအဒူရော်ရှိတ် (အသက် ၅၀ နှစ်)၊ ဦးရှော်ဘီရာမာန် (ဘ) ဦးအဒူဆူဖီ (အသက် ၄၇ နှစ်)၊ ဦးဖေတင်အလီ တို့ကို ၎င်းတို့၏ နေအိမ်များမှ ဖမ်းဆီးခဲ့သည်။ 

ဦးအာမိရ်ဟူစိန်း၏ အိမ်တွင် BD ပြေးတစ်ဦး လာရောက်၍ ခိုလှုံနေခဲ့ပြီး၊ ၎င်းကို ဦးရှော်ဘီရာမာန်နှင့် ဦးဖေတင်အလီ တို့က ထမင်းကျွေးခဲ့သည်ဟု ဆိုကာ စွပ်စွဲ၍ အဆိုပါ သုံးဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၎င်းတို့ သုံးဦးကို နယ်ခြားစောင့်ရဲ များနှင့် စစ်သားများက လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ပြီး အတင်းအဓမ္မ ၀န်ခံခိုင်းကာ လျှောက်လွှာ စာရွက် အလွတ်ပေါ်တွင် လက်မှတ် ရေးထိုးခိုင်းခဲ့သည်။ ထို့အပြင် ၎င်းတို့ သုံးဦးထံမှ ငွေကျပ် (၆) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲ များနှင့် စစ်သားများ၏ ထိုးကြိတ် ရိုက်နှက်မှုကြောင့် ဦးအာမိရ်ဟူစိန်းသည် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ စစ်သားများနှင့် နယ်ခြားစောင့်ရဲ များသည် မကြာခဏ ဆိုသလို ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ ဖမ်းဆီးပြီး ထိုးကြိတ် ရိုက်နှက်ကာ ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus