နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြို့မ ရဲစခန်းမှ နယ်ထိန်းရဲ များက ဒေသခံ ရိုဟင်ဂျာ များကို လုပ်ကြံ ဖမ်းဆီး ငွေညှစ်



MYARF
RB News
24.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ ရဲစခန်းမှ ရဲအုပ် ၀င်းဌေးဦး ဦးဆောင်သည့် နယ်ထိန်းရဲ များသည် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ည (၁၁) နာရီ အချိန်ခန့်တွင် ရွာသစ်ကေ ရပ်ကွက် (အမှတ် ၅ ရပ်ကွက်) သို့ သွားရောက်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ခေါ်ယူ၍ အနောက်ရွာသို့ သွားရောက်ပြီး ဧည့်စာရင်း စစ်ဆေးရန်ဟု ဆိုကာ အိမ် (၃) အိမ်ကို ၀င်ရောက် စစ်ဆေးပြီး လူ (၃) ဦးကို ဖမ်းဆီးခဲ့သည်။ အဆိုပါ အိမ် (၃) အိမ်တွင် တရားမ၀င် နေထိုင်သည့် ဧည့်သည် တစ်ဦးမှ မတွေ့ရှိခဲ့သော်လည်း အိမ်ရှင်များကို ၂၀၁၂ ခုနှစ် အရေးအခင်းတွင် ရခိုင်အိမ်များကို မီးရှို့ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းဆီးခံရသူ (၃) ထဲမှ နှစ်ဦးကို ငွေညှစ်ပြီး ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်တစ်ဦးက ရဲများ တောင်းခံသည့် ငွေကျပ် သိန်း တစ်ရာကို မတတ်နိုင်သဖြင့် ယခုအချိန်ထိ မြို့မ ရဲစခန်းတွင် ချုပ်နှောင်ခံထားရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရပြီး ပြန်လွတ်လာသူ နှစ်ဦးမှာ -- 

(၁) ဦးရှောမ်ရှုလ်အာမီးန် (ညှစ်ခံရငွေ ကျပ် ၅ သိန်း)
(၂) ဦးဟာဘဲစ်အာမတ် (ညှစ်ခံရငွေ ကျပ် ၂ သိန်း) -- တို့ဖြစ်သည်။ 

ရဲများ တောင်းခံသည့် ငွေကျပ် သိန်းတစ်ရာ မတတ်နိုင်၍ ချုပ်နှောင် ခံထားရသူမှာ အပ်ချုပ်ဆရာ ဦးဟိုင်ဘူလ္လာ (ဘ) ဦးဆုလ်တာန် ဖြစ်သည်။ ၎င်းသည် သာမာန် အပ်ချုပ် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်ပြီး၊ ရဲများ တောင်းခံသည့် ငွေကျပ် သိန်းတစ်ရာ ပေးနိုင်ရန် အထိ ချမ်းသာသူ မဟုတ်ကြောင်း၊ မောင်တော မြို့မဈေးတွင် အပ်ချုပ်၍ အသက်မွေးဝမ်းကျောင်းပြု နေထိုင်လာသည်မှာ နှစ်ပေါင်း ၃၀ ကျော် ရှိကြောင်း၊ မည်သည့်အခါကမှ ရန်ဖြစ်ခြင်း၊ လိမ်လည်ခြင်း၊ သူတစ်ပါး ဒုက္ခရောက်အောင် ပြုမှုခြင်း၊ အခြားသူများအား နှောက်ယှက်ခြင်း မရှိသူ၊ ဥပဒေကို လေးစား လိုက်နာပြီး အေးချမ်းစွာ နေထိုင်သူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

၎င်းအား မီးရှို့မှုနှင့် တရားစွဲဆိုပြီး ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် မောင်တော တရားရုံး၌ ရုံးတင် စစ်ဆေးခဲ့ပြီး ရဲစခန်းတွင် ဆက်လက် ချုပ်နှောင်ထားသည်။ ဇန်န၀ါရီလ လဆန်းပိုင်းကလည်း နယ်ထိန်းရဲများက ၎င်းကို ဖမ်းဆီးပြီး ရခိုင်အိမ်များကို မီးရှို့ရာတွင် ပါဝင်သည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။ 

ရဲအုပ်ဝင်းဌေးဦး ဦးဆောင်သည့် နယ်ထိန်းရဲ များသည် မကြာခဏ ဆိုသလို ရိုဟင်ဂျာ ရွာများထဲသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးကာ အချို့ကို ငွေညှစ်၍ ပြန်လည် လွှတ်ပေးပြီး အချို့ကို မီးရှို့မှုဖြင့် တရားစွဲဆိုကာ ထောင်ချလေ့ ရှိသည်။ 

အဆိုပါ နယ်ထိန်းရဲ များသည် ဇန်န၀ါရီလ (၁) ရက်နေ့ကလည်း မြို့မ ကညင်တန်း ကျေးရွာသို့ သွားရောက်၍ ဦးအာနိုဝါရ် (ဘ) မော်လ၀ီ ဆုလ်တာန်ကို ဖမ်းဆီးပြီး ရခိုင်အိမ်များ မီးရှို့ခဲ့သည်ဟု ဆိုကာ ဖမ်းဆီး၍ တရားစွဲဆိုထားသည်။ ဦးအာနိုဝါရ် မိသားစုသည် လွန်ခဲ့သည့် (၁၀) နှစ်ကျော်က တပ်ဦးချောင်း (ဘဂုံးနား) ကျေးရွာအုပ်စု၊ ဖော်အီရာရွာမှ မြို့မ ကညင်တန်း ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်ခြင်း ဖြစ်သည်။ ၎င်းအား ၂၀၁၂ ခုနှစ်တွင် ဘဂုံးနား ကျေးရွာရှိ ရခိုင်အိမ်များ မီးရှို့ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ ၂၀၁၂ ခုနှစ်တွင် ဦးအာနိုဝါရ်သည် မြို့မ ကညင်တန်း ကျေးရွာတွင်သာ နေထိုင်ခဲ့ပြီး ဘဂုံးနား ကျေးရွာသို့ သွားရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus