နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော (၅) ရပ်ကွက်မှ ရမ်းကု ဦးကျော်နိုင်ကို တဖက်နိုင်ငံမှ အမည်မသိ အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွား



Rohingya Eye
RB News
21.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အမှတ် (၅) ရပ်ကွက်မှ ဟိန္ဒူ လူမျိုး ဦးကျော်နိုင် (ခ) ချိုဂုံန် (အသက် ၃၅ နှစ်) သည် ရမ်းကု ဆရာဝန် တစ်ဦး ဖြစ်ပြီး၊ ဦးရှဉ့်ကျ ကျေးရွာတွင် ဆေးခန်း ဖွင့်ထားသည်။ အဆိုပါ ရမ်းကု ဆရာဝန် ဦးကျော်နိုင်ကို ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညသန်းခေါင်ယံ (၁) နာရီ အချိန်တွင် တဖက်နိုင်ငံမှ အမည်မသိ လူတစ်စုက ဖမ်းဆီး၍ တဖက်နိုင်ငံသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ဦးရှဥ့်ကျ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာမိရ်ဟာကိမ်းသည် ၎င်း၏ ဒုတိယ သက်တမ်း အတွက် ၀င်ရောက် ယှဉ်ပြိုင်နေစဉ် ၎င်း၏ ပြိုင်ဘက် အဖြစ် ရပ်တည်ခဲ့သူ ဦးရှုနာမျာ (ဘ) ဦးဒူဒူမျာ (အသက် ၄၁ နှစ်) ရှိခဲ့သော်လည်း ဦးအာမိရ်ဟာကိမ်းက အနိုင် ရရှိခဲ့သည်။ ဦးအာမိရ်ဟာကိမ်းသည် ၎င်း၏ ဒုတိယ သက်တမ်း တည်မြဲရေးနှင့် ပြိုင်ဘက်အား အပြတ်ချေမှုန်းနိုင်ရန် ရည်ရွယ်၍ ဦးကျော်နိုင်၏ ဖခင်နှင့် ပူးပေါင်းကာ ဦးကျော်နိုင်ကို ဖမ်းဆီးသွားသည့် အမည်မသိ လူတစ်စုနှင့် ဦးရှုနာမျာ အပါအ၀င် (၁၂) ဦးတို့ အဆက်အသွယ် ရှိသည်ဟု လုပ်ကြံ၍ ငါးခူရ အခြေစိုက် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး ဦးကျော်တေဇာကို အကြောင်းကြားခဲ့သည်။ 

တပ်ရင်းမှူးက ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ည (၁၁) နာရီ အချိန်တွင် နယ်ခြားစောင့်ရဲ အင်အား (၇၀) ခန့်ဖြင့် ဦးရှဥ့်ကျ ကျေးရွာသို့ အဖွဲ့ (၄) ဖွဲ့ခွဲကာ ဦးရှုနာမျာ အပါအ၀င် လူ (၁၂) ဦးကို လိုက်လံ ရှာဖွေခဲ့သော်လည်း ၎င်းတို့ကို ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိဘဲ၊ ၎င်းတို့၏ ညီများ ဖြစ်သည့် မော်လ၀ီ နူရ်ကာဆိမ်း (ဘ) ဦးဒူဒူမျာ (အသက် ၂၁ နှစ်)၊ ချော်ရီသ်အုလ္လာ (ဘ) ဦးဇိုက်ဟူဆောင်း (အသက် ၂၅ နှစ်) (ဆေးဆိုင်)၊ ဖော်ရီသ်အာလောမ် (ဘ) ဦးဒိလ်မာမတ် (အသက် ၁၉ နှစ်) နှင့် ဦးဟာလာမျာ (ဘ) ဦးဟာရွန်ရော်ရှိတ် (အသက် ၃၈ နှစ်) တို့အား ဖမ်းဆီး၍ ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင် ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် အဆိုပါ တပ်ရင်းမှူးအား ငွေကျပ် (၈) သိန်း ပေးသောကြောင့် ဦးဟာလာမျာ တစ်ဦးတည်းကို ဘူးသီးတောင် အကျဉ်းထောင်မှ ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ကျန်သည့် (၃) ဦးကို ဘင်္ဂလား ဆင်းမ်ကဒ်သုံး ဖုန်းတစ်လုံးစီ ကိုင်ခိုင်း၍ နယ်ခြားစောင့်ရဲ များက ဓါတ်ပုံ တစ်ပုံစီ အတင်းအဓမ္မ ရိုက်ခဲ့ကြောင်း သိရှိရသည်။ ဦးရှုနာမျာ အပါအ၀င် (၁၂) ဦးကို နေ့စဉ်နေ့တိုင်း နယ်ခြားစောင့်ရဲ များက ရွာထဲတွင် လိုက်လံ ရှာဖွေနေသောကြောင့် ရွာအတွင်းရှိ အမျိုးသားများက မဟုတ်မမှန် လုပ်ကြံ စွပ်စွဲခံရပြီး ဖမ်းဆီး ခံရမည်ကို စိုးရိမ်၍ တိမ်းရှောင်လျက် ရှိသည်။ အိမ်များတွင် အမျိုးသမီးများနှင့် ကလေးငယ်များ စိုးရိမ် ထိတ်လန့်မှုဖြင့် နေရကြောင်း သိရှိရသည်။ 

ဦးကျော်နိုင်သည် တဖက်နိုင်ငံမှ လူများနှင့် မူးယစ်ဆေးဝါး လုပ်ငန်း လုပ်ကိုင် နေသူ တစ်ဦး ဖြစ်ပြီး၊ တဖက်နိုင်ငံမှ လူများက ဦးကျော်နိုင်ထံမှ ငွေအမြောက်အမြား အကြွေးရရန် ရှိသောကြောင့် လူဆိုးများ ငှားရမ်း၍ ဖမ်းဆီးသွားခြင်း ဖြစ်နိုင်သည်ဟု ရွာသားများ သုံးသပ် ပြောဆိုနေကြသည်။ ဦးကျော်နိုင်နှင့် ဦးရှုနာမျာ အပါအ၀င် (၁၂) ဦးတို့ မည်သည့် ရန်ငြိုးမှ မရှိကြကြောင်း ရွာသားများက အခိုင်အမာ ပြောဆိုနေကြသည်။ 

“ဦးကျော်နိုင်ရဲ့ အဖေက သူ့သားကို မရရင် ဒီရွာကို ဒုချီးရားတန်းလို လုပ်မယ်လို့ ကြုံးဝါး နေတယ်။ သူ့သားနဲ့ ရွာသားတွေ အကြား ဘာပြဿနာမှ မရှိဘူး။ အုပ်ချုပ်ရေးမှူးရဲ့ ပြိုင်ဘက်တွေ မရှိအောင်၊ ၀ရမ်းပြေး ဖြစ်သွားအောင်၊ အပြစ်မဲ့ ရွာသားတွေကို တရားခံစာရင်းမှာ ထည့်နေတာ။ ကျွန်တော်တို့ တစ်ယောက်မှ အိမ်မှာ မနေရဲကြဘူး။ အားလုံး ရှောင်နေရတယ်။ ရှောင်မနေရင် အမှုတစ်ခုခုတပ်ပြီး ဖမ်းခံရမယ်။ အထက် အာဏာပိုင်တွေ အနေနဲ့ အဖြစ်မှန်ကို သေချာ စုံစမ်းပြီး အပြစ်မဲ့ လူငယ်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်” ဟု ကျေးရွာ လူကြီးတစ်ဦးက ပြောပါသည်။ 

ဦးအာမိရ်ဟာကိမ်း၏ ပြိုင်ဘက် ဦးရှုနာမျာ အပါအ၀င် (၁၂) ဦးမှာ --

(၁) ဦးရှုနာမျာ (ဘ) ဦးဒူဒူမျာ
(၂) ဦးနူရ်မိုဟာမတ် (ဘ) ဦးဇိုက်ဟူဆောင်း
(၃) ဦးဆိုက်ဖူလ္လာ (ဘ) ဦးအဘူဘော်ကော်ရ်
(၄) ဦးအီဆုပ် (ဘ) ဦးအာဗ်ဒူဇာဘဲရ်
(၅) ဦးနူရ်ဟာရှိမ် (ဘ) ဦးအာဘူတာဟဲရ်
(၆) ဦးနူရ်ကော်ရီးမ် (ဘ) ဦးရာရှိတ်အာမတ်
(၇) ဦးမိုဟာမတ်ရော်ဖိတ် (ဘ) ဦးမိုဟာမတ်ရှော်ဖိခ်
(၈) ဦးအီဆုပ် (ဘ) ဦးအာဗ်ဒူဖာသား
(၉) မော်လ၀ီဇော်ကော်ရီယာ (ဘ) ဦးဟာဇိုက်ဖာ အပါအ၀င် (၃) ဦးတို့ ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus