နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုက္ခသည် များအား ခွဲခြား ဆက်ဆံမှု မလုပ်ရန် မြန်မာ အစိုးရကို ကုလသမဂ္ဂ တောင်းဆို

ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်ရှိ ကျိန်နီပြင် ဒုက္ခသည် စခန်းသို့ ဂျွန်ဂင်း သွားစဉ် (ဓာတ်ပုံ – OCHA)

4.3.2016

ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် (IDP) များ အရေး ကိစ္စကို အလေးပေးရန် ကုလသမဂ္ဂ အဖွဲ့က မြန်မာအစိုးရကို တောင်းဆို လိုက်သည်။ လူနည်းစု မွတ်စလင်များ အပေါ် ဆက်ဆံမှုလည်း အပါအ၀င် ဖြစ်သည်။

ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ ဒုက္ခသည်စခန်းများကို သွားရောက်လေ့လာခဲ့သော ကုလသမဂ္ဂမှ အကြီးတန်း အရာရှိ တဦးက ၎င်းကို စိတ်ထိခိုက်စေခဲ့သော အတွေ့အကြုံများကို ပြောပြခဲ့သည်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ညွှန်ကြားရေးမှူး ဂျွန်ဂင်းက မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးနှင့် နိုင်ငံရေး မျက်နှာစာများတွင် အသွင်ကူးပြောင်းမှု ဆောင်ရွက်နေချိန်၌ အဆိုပါ ဒုက္ခသည်များ၏ သက်သာချောင်ချိရေးကို မျက်ကွယ်ပြု၍ မရကြောင်း ထောက်ပြခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာဟု ခေါ်နေကြသည့် မွတ်စလင်များအပြင် လူပေါင်း ၁၅၀ အသတ်ခံခဲ့ရသည့် ၂၀၁၂ ခုနှစ် ဒေသတွင်း အဓိကရုဏ်း နောက်ပိုင်းတွင် အိုးမဲ့အိမ်မဲ့ ဖြစ်နေဆဲ ရခိုင်တိုင်းရင်းသား ၅၀၀၀ ခန့်တို့နှင့် ဂျွန်ဂင်းက တွေ့ဆုံခဲ့ပါသည်။

ရခိုင်ပြည်နယ်ရှိ မွတ်စလင် ဒုက္ခသည်များအနေဖြင့် လှုပ်ရှားသွားလာများတွင် အလွန်အမင်း ကန့်သတ်ခံနေရဆဲဖြစ်ပြီး ဆေးရုံတက်ခွင့်ပင် မရကြောင်း UNOCHA က မှတ်ချက်ပြုခဲ့သည်။

မြန်မာအစိုးရအနေဖြင့် အခြားကဏ္ဍများအတွက် လူနေမှုအခြေအနေများ တိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်နေစဉ်၌ ယာယီဒုက္ခသည်စခန်းမှ အမိုးအကာများမှာ ပြိုပျက်နေပြီး ရေနှင့် သန့်ရှင်းရေးစနစ် အခြေအနေများမှာလည်း ဆိုးရွားနေကြောင်း ဂျွန်ဂင်းက မီးမောင်းထိုးပြခဲ့သည်။ ခွဲခြားဆက်ဆံသည့် မူဝါဒများကို အဆုံးသတ်ရန်လည်း မြန်မာအစိုးရအား မေတ္တာရပ်ခံခဲ့သည်။

ပြီးခဲ့သည့်နှစ်က အပစ်အခတ်ရပ်စဲရေး စာချုပ်ရေးထိုးခဲ့သော်လည်း ပဋိပက္ခများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တွင် စစ်ရှောင်ဒုက္ခသည်ပေါင်း ၁၀၀,၀၀၀ ကျော်ရှိနေဆဲဖြစ်ပါသည်။ အများစုမှာ ယာယီ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရပါသည်။

မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များကို ပြန်လည်နေရာချထားပေးနိုင်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဂျွန်ဂင်းက ပြောကြားခဲ့သည်။

မကြာမီ အစိုးရဖြစ်လာမည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NDL) ပါတီကလည်း အိုးမဲ့အိမ်မဲ့ ဖြစ်နေသော မွတ်စလင်များ အရေးနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲ ဖြစ်ပါသည်။

Comment ရေးရန်

Rohingya Exodus