နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင်မှ မုဒိန်းမှုနှင့် ပတ်သက်၍ ဖြေရှင်းချက် ထုတ်ပြန်ခြင်း



RB News
12.4.2016

RB News Website တွင် ဧပြီလ (၈) ရက်နေ့က “၁၅ နှစ်အရွယ် မိန်းကလေး တစ်ဦးကို တပ်ရင်းမှူးနှင့် စစ်သားများက အုပ်စုဖွဲ့ အကြိမ်ကြိမ် မုဒိန်းကျင့်” ဟူ၍ ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် ဖော်ပြခဲ့သည်။ ရသေ့တောင်မြို့နယ် အနောက်ပြင် ကျေးရွာသည် သွားလာရန် ခက်ခဲသည့် နေရာတွင် ရှိသဖြင့် ကျွန်တော်များ၏ သတင်းထောက် ကိုယ်တိုင် သွားရောက်၍ သတင်းယူနိုင်ခြင်း မရှိခဲ့ဘဲ၊ တယ်လီဖုန်းဖြင့်သာ သတင်းယူခဲ့ရသည်ကို ရိုးသားစွာ ၀န်ခံပါသည်။ သို့သော်လည်း အနောက်ပြင်ရွာမှ သတင်းပို့ပေးသူမှာ ယုံကြည်ရသူ ဖြစ်သောကြောင့် သတင်းကို အများသိရှိစေရန် အလျင်အမြန် ဖော်ပြခဲ့ပါသည်။ သတင်းဖော်ပြပြီးနောက် သတင်းမမှန်ကန်ဟု ဆိုကာ ပြည်ပရောက် အနောက်ပြင် ရွာသားများမှ ပြောဆိုလာသဖြင့် သတင်းကို တစ်ရက်ခန့် ဖြုတ်ချပြီးနောက် ကာယကံရှင်များနှင့် တိုက်ရိုက် စကားပြောရန် ကြိုးစားခဲ့သည်။

ဧပြီလ (၁၀) ရက်နေ့တွင် ဦးအဒူလ်ဟာရှိမ်း၏ ဖုန်းနံပါတ်ဟု ဆိုကာ မိမိတို့ သတင်းထောက်၏ ယုံကြည်ရသူ ထံမှ ရရှိခဲ့သောကြောင့် မိမိကိုယ်တိုင် ဖုန်းဖြင့် စကားပြော၍ အတည်ပြုချက် ရယူခဲ့သည်။ အတည်ပြုချက် ရခဲ့သောကြောင့် သတင်းကို ပြန်လည် ဖော်ပြခဲ့သည်။ 

သို့သော်လည်း ယခုတဖန် ဤသတင်းကို မမှန်မကန်ဟု ဆိုကာ ကာယကံရှင် ဦးအဒူလ်ဟာရှိမ်း (ခ) ဦးကျော်သိန်းနှင့် သမီး ဖြစ်သူတို့ ပြောဆိုနေသည့် ဗီဒီယိုဖိုင်များကို အခြားသောသူများမှ တဆင့် လက်ခံရရှိပါသည်။ 

မိမိတို့ သတင်းထောက်များနှင့် မိမိကိုယ်တိုင် အနောက်ပြင်ရွာသို့ သွားရောက်ရန် မလွယ်ကူသည့် အခြေအနေတွင် ဤသတင်းနှင့် ပတ်သက်၍ ဖြစ်ပွားနေသည့် အငြင်းပွားမှုများကို ဆက်လက် ဖြေရှင်းရန် ဆန္ဒမရှိတော့သဖြင့် ဤသတင်းအား မိမိတို့၏ Website မှ အပြီးအပိုင် ဖြုတ်သိမ်းလိုက်ပါကြောင်း ကြေညာအပ်ပါသည်။

ဤသတင်းနှင့် ပတ်သက်၍ မိမိအနေဖြင့် နားလည်နေသည်မှာ ဦးအဒူလ်ဟာရှိမ်းနှင့် မပြေလည်သည့် အုပ်စု တစ်စုမှ အကွက်ချ၍ လုပ်ကြံခြင်း ဖြစ်ပြီး၊ မိမိတို့အား မိမိတို့ ယုံကြည်ရသည့် အနောက်ပြင်ရွာသားမှ တဆင့် အသုံးချခြင်းလည်း ဖြစ်နိုင်သလို၊ ကာယကံရှင် ဖြစ်သူ ဦးအဒူလ်ဟာရှိမ်းအား စစ်တပ်မှ အလွန်အကျွံ ခြိမ်းခြောက် ထားသောကြောင့် ယခုအခါ မဟုတ်မမှန်ဟု ထွက်ဆိုခြင်းလည်း ဖြစ်နိုင်သည်။ 

အကယ်၍ ဤသတင်း မမှန်ကန်ဘဲ မိမိတို့အား အသုံးချခြင်း ဖြစ်လျှင်လည်း - ကာယကံရှင် မိန်းကလေး ထိခိုက်နစ်နာသလို၊ မိမိတို့ အနေနှင့်လည်း ထိခိုက်နစ်နာမှု ရှိပါသည်။ မည်သို့ပင် ဆိုစေကာမူ မိမိတို့၏ သိက္ခာထက် မိန်းကလေး၏ သိက္ခာမှာ ပိုမို အရေးကြီးသောကြောင့် မိမိအနေဖြင့် မိမိ၏ လုပ်ဖော်ကိုင်ဘက်များဖြစ်သော MYARF Team နှင့် RB News Team ကိုယ်စား အနူးအညွတ် တောင်းပန်အပ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ 

လေးစားစွာဖြင့်

နေဆန်းလွင်
Facebook - Nay San Lwin / Twitter @nslwin
RB News Team ကိုယ်စား

Comment ရေးရန်

Rohingya Exodus