နောက်ဆုံးသတင်း/ဆောင်းပါးများ

သီဟိုဠ်ကျွန်း ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ဒေသခံများထံမှ ငွေညှစ်



MYARF
RB News
17.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ သီဟိုဠ်ကျွန်း (ယခင် ဘက္ကားဂုံးနား) ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် နီးစပ်ရာ ကျေးရွာများသို့ အရပ်သား ၀တ်စုံဖြင့် အချိန်မတော် ၀င်ရောက် စီးနင်း၍ ရွာသားများကို အနှောက်အယှက် ပေးခြင်း၊ မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် လမ်းသွားလမ်းလာ ရိုဟင်ဂျာ များကို စခန်းရှေ့မှ ဖြတ်ကျော် သွားစဉ် ရပ်တန့် စစ်ဆေးပြီး အမျိုးမျိုး အကွက်ဆင်၍ ငွေညှစ်လေ့ ရှိသည်။ အထူးသဖြင့် မြန်မာ ဆင်းမ်ကဒ်သုံး ဖုန်းများကို စစ်ဆေး ယောင်ဆောင်၍ ၎င်းတို့တွင် အသင့် ရှိနေသည့် ဘင်္ဂလား ဆင်းမ်ကဒ် များကို ထည့်ကာ ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ထို့အပြင် အချိန်မတော် နီးစပ်ရာ ကျေးရွာများသို့ အရပ်သား ၀တ်စုံဖြင့် ၀င်ရောက်၍ ကျေးရွာသား များကို ခြောက်လှန့်ခြင်း၊ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ငွေညှစ်ခြင်းများ ပြုလုပ်နေသည့် အပြင် စခန်းကို ဖြတ်ကျော် သွားသည့် လမ်းသွားလမ်းလာ များကို ရွာထွက် လက်မှတ် စစ်ဆေးပြီး ရွာထွက် လက်မှတ် မပါသူများ ထံမှ ငွေတောင်းခံခြင်း၊ ကုန်ပစ္စည်းများ အပေါ် ငွေကောက်ခံခြင်း စသည့် ဥပဒေမဲ့ လုပ်ရပ်များကို နေ့စဉ် ရက်ဆက် ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

ဧပြီလ (၂) ရက်နေ့ မွန်းလွှဲ (၃) နာရီခန့် အချိန်တွင်လည်း အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦးသည် ဆိုင်ကယ် တစ်စီးဖြင့် သီဟိုဠ်ကျွန်း ရွာထဲသို့ ရောက်ရှိလာပြီး ဗလီ အဆောက်အဦကို ဓနိဖြင့် အမိုးကာနေသည်ကို မြင်တွေ့ပြီး သက်ဆိုင်ရာမှ ခွင့်ပြုချက် ရယူခဲ့ခြင်း မရှိဘဲ အမိုးကာနေသည်ဟု ဆိုကာ ငွေကျပ် တစ်သောင်း ညှစ်ယူခဲ့သည်။

ဤကဲ့သို့ လိုင်စင်ရ ဓါးပြကဲ့သို့ သောင်းကျန်းနေသည့် သီဟိုဠ်ကျွန်း ကင်းစခန်းမှ နယ်ခြားစောင့်ရဲ မျာကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဟန့်တား အရေးယူပေးပါရန် ဒေသခံများက တောင်းဆိုနေကြသည်။

Comment ရေးရန်

Rohingya Exodus