နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေ လုံထိန်း တပ်ရင်း ၃၆ မှ တပ်ရင်းမှူးက ရိုဟင်ဂျာ တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်



RB News
17.4.2016

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အောင်ဒိုင်း ကျေးရွာအုပ်စု၊ နိုယာဖာရာတွင် အုန်းတောကြီး အခြေစိုက် လုံထိန်း တပ်ရင်း (၃၆) မှ တပ်ရင်းမှူး၏ ကိုယ်ပိုင် စီးပွားရေး အုတ်ဖုတ် လုပ်ငန်း ရှိသည်။ အဆိုပါ အုတ်ဖုတ် လုပ်ငန်းတွင် ရိုဟင်ဂျာများက အလုပ်သမားများ အဖြစ် လုပ်ကိုင်လျက် ရှိကြသည်။

ဧပြီလ (၁၅) ရက်နေ့ နေ့လည် ၂း၃၀ နာရီ အချိန်တွင် တပ်ရင်းမှူးသည် ဆေးသမားကြီး ကျေးရွာသို့ ရောက်ရှိလာပြီး၊ ဦးအလီအဟမတ် (ဘ) ဦးမိုဟာမတ်ရှဖီ (အသက် ၄၀ နှစ်) ကို အုတ် ၈၀၀ ချပ် ခိုးယူခဲ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး အုန်းတောကြီးရှိ လုံထိန်း တပ်ရင်းတွင် ချုပ်နှောင် ထားခဲ့သည်။ 

ယနေ့ ဧပြီလ (၁၇) ရက်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် ဦးအလီအဟမတ်၏ ဆွေမျိုးများ လုံထိန်း တပ်ရင်းသို့ လိုက်သွားပြီး၊ တပ်ရင်းမှူးအား အပြစ်မဲ့သူကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုရာ၊ တပ်ရင်းမှူးက ငွေကျပ် သိန်း ၂၀ ပေးမှသာ ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။ ဦးအလီအဟမတ်၏ ဆွေမျိုးများက အကယ်၍ အုတ် ၈၀၀ ချပ် ခိုးယူခဲ့သည်မှာ မှန်ကန်လျှင်ပင် တန်ဖိုးအားဖြင့် ငွေကျပ် တစ်သိန်းသာ ရှိကြောင်း၊ မိမိတို့ အနေဖြင့် ငွေကျပ် သိန်း ၂၀ မတတ်နိုင်ကြောင်း၊ မိမိတို့ အနေဖြင့် ငွေကျပ် ၇ သိန်းသာ ပေးနိုင်မည် ဖြစ်ကြောင်း ပြောဆိုရာ၊ တပ်ရင်းမှူးက ငွေကျပ် ၇ သိန်းဖြင့် ပြန်လည် လွှတ်ပေးမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ 

ဦးအလီအဟမတ်၏ ဆွေမျိုးများက ညှိနှိုင်းမရသည့် အဆုံး ငွေကျပ် ၇ သိန်းဖြင့် မလွှတ်ပေးပါက ထောင်ချနိုင်ကြောင်း ပြောဆိုရာ တပ်ရင်းမှူးက --“မင်းတို့က ငါ့ကို ယဉ်ယဉ်ကျေးကျေး မပြောဘူး။ အဲဒီတော့ ငါဘာလုပ်လို့ရလဲ ပြမယ်” ဟုဆိုကာ ဦးအလီအဟမတ်ကို သေနတ်ဖြင့် ပစ်ခတ်ရာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

အသတ်ခံရသည့် ဦးအလီအဟမတ်၏ ရုပ်အလောင်းကို စစ်တွေ ဆေးရုံကြီးသို့ ခွဲစိတ် စစ်ဆေးရန် သယ်ဆောင် သွားကြောင်း သိရှိရသည်။

သတင်းနှင့် ဓါတ်ပုံကို Peace Muhammad Arakani က ပေးပို့သည်။

Comment ရေးရန်

Rohingya Exodus