နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောက်ဦးတွင် ဖမ်းဆီးခံထားရသည့် အပြစ်မဲ့ ဒေသခံ လူငယ် (၂၈) ဦးထံမှ ရဲများ ငွေညှစ်နေ



Rohingya Eye
RB News
7.4.2016

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ် ပေါင်းတုတ် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၂၈) ဦးကို လွန်ခဲ့သည့် မတ်လ (၅) ရက်နေ့တွင် ဖမ်းဆီး၍ မြောက်ဦး ရဲစခန်းတွင် ချုပ်နှောင် ထားခဲ့ရာ ဧပြီလ (၄) ရက်နေ့တွင် ၎င်းတို့ကို တရားရုံးတင် စစ်ဆေးခဲ့သည်။ ၎င်းတို့ (၂၈) ဦးသည် အပြစ်မဲ့များ ဖြစ်ကြသော်လည်း အမှု ပေါ့လျော့ရန်ဟု ဆိုကာ ရဲများက မိဘများထံမှ တစ်ဦးလျှင် ငွေကျပ် ၄ သောင်းစီကို နှစ်ကြိမ်ခွဲ၍ ယူခဲ့သည်။ ယခုအခါ ထပ်မံ၍ ငွေကျပ် (၄) သောင်းစီ တောင်းခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထပ်မံ၍ တောင်းခံနေသည့် ငွေကျပ် (၄) သောင်းစီကို မိဘများက ပေးနိုင်သော အခြေအနေ မရှိသောကြောင့် မပေးသေးကြောင်း သိရှိရသည်။ မိဘတစ်ဦးက “ကျွန်တော်တို့ ရွာအပြင်ထွက်ခွင့် မရှိဘူး။ ရွာထဲမှာဘဲ လုပ်စားနေရတာ၊ တစ်နေ့လုပ် တစ်နေ့စားရတဲ့ အခြေအနေမှာ ဒီလောက်ငွေကို ဘယ်လို ပေးနိုင်မှာလဲ” ဟု ၀မ်းနည်းစွာ ပြောသည်။ 

အဓိက တရားခံမှာ မြေတူးလုပ်ငန်းကို ကန်ထရိုက်ယူခဲ့သူ စာရေး ဦးမောင်မောင်ထွန်း ဖြစ်ပြီး၊ ဖမ်းဆီး ခံထားရသည့် အပြစ်မဲ့ (၂၈) ဦး၏ မိဘများထံ စာတစ်စောင် ပို့ခဲ့သည်။ အဆိုပါစာတွင် ယခုကိစ္စတွင် ဦးမောင်မောင်ထွန်း ပါဝင် ပတ်သက်မှု မရှိကြောင်းကို မိဘများက လက်မှတ်ထိုးပေးရန်၊ မထိုးပေးပါက ၎င်းတို့၏ သားများ ထောင်ကျလိမ့်မည်ဟု ခြိမ်းခြောက် ထားသည်။ သို့သော်လည်း မိဘများက လက်မှတ်ထိုး ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။ အပြစ်မဲ့ (၂၈) ဦးကို ယနေ့ ဧပြီလ (၇) ရက်နေ့တွင် ထပ်မံ၍ စစ်ဆေးရန် ရုံးချိန်းထားသဖြင့် စာရေး ဦးမောင်မောင်ထွန်းသည် ယမန်နေ့ ဧပြီလ (၆) ရက်နေ့တွင် စစ်တွေမြို့သို့ တိမ်းရှောင် သွားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၂၈) ဦး ဖမ်းဆီး ခံထားရသည်ကို နိုင်ငံတော် အကြီးအကဲများက အမြန်ဆုံး စီစစ်၍ ပြန်လည် လွှတ်ပေးရန် ဒေသခံများက တောင်းဆိုသည်ဟု RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus