နောက်ဆုံးသတင်း/ဆောင်းပါးများ

ရေတွင်းပြင် ချောင်းဝ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ဒေသခံများကို ရိုက်နှက်၍ ငွေညှစ်



MYARF
RB News
3.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ချောင်းဝ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည် အပြစ်မဲ့ ရိုဟင်ဂျာ တစ်ဦးကို ထိုးကြိတ် ရိုက်နှက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း၊ ရိုဟင်ဂျာ ရွာသား (၄၀) ဦးကို ရိုက်နှက်ခဲ့ကြောင်းနှင့် ဆိုင်ရှင် တစ်ဦးကို လောက်လေးခွဖြင့် သုံးချက် ပစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၀) လက်အောက်ခံ ရေတွင်းပြင် ချောင်းဝ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် မတ်လ (၂၅) ရက်နေ့ ည ၇း၃၀ နာရီ အချိန်တွင် ရွာအတွင်းသို့ ၀င်ရောက်၍ လမ်းသွားလမ်းလာ များကို ဆိုင်တစ်ဆိုင်သို့ ခေါ်ဆောင် သွားပြီး စစ်ဆေးပြီးနောက် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း လက်သီးများဖြင့်ထိုး ခြေထောက်များဖြင့် ကန်ကျောက်ကာ ပြန်လည် လွှတ်ပေးခဲ့သည်။ 

အလားတူ မိုဟာမတ်အာမီးန် (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၂၄ နှစ်) ၏ ဆိုင်တွင် ကွမ်းယာ ၀ယ်နေသည့် ရွာသားများကိုလည်း ဘင်္ဂလား ဆင်းမ်ကဒ်သုံး မိုဘိုင်းဖုန်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဘင်္ဂလား ဆင်းမ်ကဒ် မတွေ့ရှိခဲ့သော်လည်း အဆိုပါ ရွာသားများကို ထိုးကြိတ် ရိုက်နှက်ပြီးမှ ပြန်လည် လွှတ်ပေးခဲ့သည်။ ဆိုင်တွင် ၀ယ်သူများကို ရိုက်နှက်ရုံသာမက ဆိုင်ရှင်ကိုလည်း ရိုက်နှက်သည့် အပြင် လောက်လေးခွနှင့် သုံးချက်တိတိ ပစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထို့နောက် ကွမ်းယာ ၀ယ်နေသည့် ဦးရှုနာမျာ (ဘ) ဦးဂျိန်နောတ်အလီ (အသက် ၄၀ နှစ်) ကို “မင်းက လုပ်ငန်းရှင်၊ မင်းမှာ ဘင်္ဂလား ဆင်းမ်ကဒ်သုံးဖုန်း ရှိကိုရှိရမယ်၊ ဘယ်မှာလဲပြော” ဟုဆိုကာ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်၍ လက်ထိပ်ခတ်ပြီး အနီးရှိ ရေမြောင်းတစ်ခုထဲသို့ တွန်းချခဲ့သည်။ နာရီဝက်အကြာတွင် ရေမြောင်းထဲမှာ ဆွဲထူကာ ကင်းစခန်းသို့ ခေါ်ဆောင် သွားစဉ် ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက ကြားဝင်၍ ညှိနှိုင်းပေးရာ နောက်ဆုံးတွင် ငွေကျပ် တစ်သိန်း ပေးမှ ပြန်လည် လွှတ်ပေးခဲ့သည်။ 

ရေတွင်းပြင် ချောင်းဝ ကင်းစခန်းတွင် တာဝန်ကျနေသည့် နယ်ခြားစောင့်ရဲ များသည် ကျေးရွာတွင်းသို့ နေ့စဉ်နှင့်အမျှ ၀င်ရောက်၍ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးလျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြီးအကဲများ အနေဖြင့် ကျင့်ဝတ်ကို ချိုးဖောက်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို မတရားသဖြင့် ရိုက်နှက်၍ ငွေညှစ်နေသည့် လက်အောက်ငယ်သား များကို ထိရောက်စွာ အရေးယူ ပေးပါရန် ဒေသခံများက လိုလားနေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus