နောက်ဆုံးသတင်း/ဆောင်းပါးများ

စက်လှေ နစ်မြှပ်ခြင်းနှင့် ပတ်သက်၍ BROUK မှ ထုတ်ပြန်ချက်



Burmese Rohingya Organisation UK (BROUK) မှ သတင်း ထုတ်ပြန်ချက်။

မဆိုင်းမတွ ထုတ်ပြန်သည်- ၂၀၁၆ ခုနှစ်၊ ဧပြီလ၊ ၁၉ ရက်။

အကြောင်းအရာ။ ။ ရိုဟင်ဂျာများ စီးနင်း လိုက်ပါလာသော လှေနစ်မြုပ်ခြင်း ကိစ္စ။

ရခိုင်ပြည်နယ်တွင် ချမှတ်ထားသော အကူအညီ ပေးရေး ကန့်သတ်ချက် များအား NLD အနေဖြင့် ရုပ်သိမ်း ပေးပါရန်။

စားနပ် ရိက္ခာ ဝယ်ယူရန် အလို့ငှါ ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်ရှိ ဆင်တက်မော် (Sandama) ဒုက္ခသည် စခန်း မှ ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီး၊ ကလေး နှင့် ကလေးငယ် စုစုပေါင်း (၆၅) ဦးတို့သည် စစ်တွေမြို့ နယ်သို့ လှေဖြင့်စီးနင်းလိုက်ပါရင်း၊ ကြီးမားသောလှိုင်းလုံးကြီး၏ ရိုက်ခတ်မှုကြောင့် ၁၉.၄.၂၀၁၆ နေ့တွင် သဲချောင်းမြစ်အဝင်၌ လှေနစ်မြုပ်ခဲ့ရပါသည်။ အဆိုပါ လှေနစ်မြုပ်မှုတွင် ရိုဟင်ဂျာ ခရီးသည် (၁၅) ဦးသေဆုံး ခဲ့ပြီး၊ (၂၀) ဦးပျောက်ဆုံးလျှက်ရှိကာ၊ (၂၀) ဦးအသက်ရှင်ကျန်လျှက်၊ ကျန် (၁၀) ဦးမှာ သတိလစ်မေ့မျော လျှက်ရှိကြောင်း BROUK ၏ ခိုင်မာသောသတင်းအရင်းအမြစ်များအရသိရှိရပါသည်။ သေဆုံးသူများ အနက် ကလေးများလည်းပါဝင်ပါသည်။

၂၀၁၂ ခုနှစ်တွင် အရှိန်အဟုန်မြင့်ခဲ့သည့် အကြမ်းဖက်မှုနှင့် အင်အားသုံးဖိနှိပ်မှုများကြောင့် ရိုဟင်ဂျာများသည် ဆိုးသထက်ဆိုးလှသည့် လူသားချင်းစာနာမှုမဲ့ အခြေအနေကို ရင်ဆိုင်နေခဲ့ရပါသည်။ ခရီးသွားလာရေး ကန့် သတ်ချက်များနှင့်လုံခြုံရေးကင်းမဲ့မှုများပိုမိုများပြားလာသည့်အလျောက်စားနပ်ရိက္ခာဝယ်ယူခြင်းသည် ရိုဟင်ဂျာ များအတွက် ပိုမိုခက်ခဲလျှက်ရှိလာပါသည်။ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများနှင့်ရခိုင်ပြည်နယ်တွင်း အခြား ဒေသများသို့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုအကူအညီ အထောက်အပံ့များပေးအပ်သည့် လုပ်ငန်းစဉ် အပေါ် ကန့်သတ်မှုများသည်လူသားချင်းစာနာမှုကင်းမဲ့သည့် အရေးအခင်းအား ပိုမိုဆိုးရွားစေခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မှ စတင်ကာ နိုင်ငံတွင်းနေထိုင်ရာမဲ့ဖြစ်ကာ ဒုက္ခသည်စခန်းများသို့ရောက်ရှိပိတ်မိနေခဲ့သည့် (၁၄၀,၀၀၀) ဦးရေရှိ ရိုဟင်ဂျာများ ၏ အခြေအနေမှာ ကမ္ဘာပေါ်တွင် အဆိုးရွားဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အရာရှိများ က လည်း ဖော်ပြပြီးဖြစ်ပါသည်။

ဤသို့သောကန့်သတ်ချုပ်ခြယ်မှုများနှင့် လုံခြုံရေးကင်းမဲ့မှုများသည် ရိုဟင်ဂျာများအား ရှည်လျားသော၊ ရံဖန် ရံခါ၌မူ အန္တရာယ်များသော စားနပ်ရိက္ခာရှာဖွေရေးခရီးစဉ်တို့ မဖြစ်မနေ ပြုလုပ်ရန် တွန်းပို့လျှက်ရှိပါသည်။ ၂၀၁၂ ခုနှစ်မှစတင်ကာ ၁၀ ရာခိုင်နှုန်းထက်ပိုသည့် ရိုဟင်ဂျာဦးရေတို့ မြန်မာနိုင်ငံအားစွန့်ခွါ ထွက်ပြေးခဲ့ ပါသည်။

ရိုဟင်ဂျာများ မြန်မာနိုင်ငံမှ စွန့်ခွါသွားရန်ကြိုးပမ်းသည့်အနေဖြင့် ယခင်အစိုးရအဆက်ဆက်တို့သည် ဆင်းရဲ ဒုက္ခရောက်စေခြင်းနှင့် အင်အားသုံးဖိနှိပ်ခြင်းမူဝါဒတို့ကို ပူးပေါင်းအသုံးပြုခဲ့ပါသည်။ ယခုအခါတွင် အစိုးရသစ် ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ထိုမူဝါဒများအား အဆုံးသတ်ရမည်ဖြစ်ပါသည်။

ရိုဟင်ဂျာတို့ရင်ဆိုင်ကြုံတွေ့နေရသောအရေးအခင်းနှင့်ရိုဟင်ဂျာများအပေါ်အကူအညီပေးရေးကန့်သတ်ချက် များအားအဆုံးသတ်စေရန် NLD အစိုးရအနေဖြင့် စတင်ကြိုးပမ်းဆောင်ရွက်သင့်သည့် ခြေလှမ်းလေးဆင့်အား Burmese Rohingya Organisation UK (BROUK) သည် ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီလ၌ ထုတ်ပြန်ကမ်းလှမ်း ခဲ့ပါသည်။

NLD ဦးဆောင်သောအစိုးရအနေဖြင့် ရခိုင်ပြည်နယ်၌ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားသော အကူအညီများအပေါ်ထားရှိသည့် ကန့်သတ်ချက်များအားလုံးကို ချက်ခြင်းရုပ်သိမ်းကာ၊ လူသားချင်းစာနာ ထောက်ထားရေးအကူအညီပေးအပ်သည့် လုပ်သားများ၏လုံခြုံရေးကို အာမခံချက်ပေးသင့်သည်ဟု Burmese Rohingya Organisation UK ၏ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းခင်မှ ပြောကြားခဲ့သည်။ "နေ့တိုင်းလူတွေ သေဆုံး နေပါတယ်။ ဒီလိုလှေနစ်မြုပ်တဲ့ ကြေကွဲစရာဖြစ်ရပ်တွေဟာ အရင်ကလည်းမကြာခဏဖြစ်ခဲ့သလို၊ အရေးတယူ ဆောင်ရွက်ခြင်းမရှိရင်တော့ နောက်လည်းထပ်ဖြစ်နေဦးမှာပဲ"ဟုလည်း ဦးထွန်းခင်က ပြောကြားခဲ့သည်။

သတင်းအချက်အလက်များထပ်မံသိရှိလိုပါက ဦးထွန်းခင် (ဖုန်း-+44 7888714866) အားဆက်သွယ်နိုင်ပါ သည်။

သတင်းထောက်များသို့ မှတ်စု။

လှေနစ်မြုပ်ရာတွင်သေဆုံးခဲ့သည့် ရိုဟင်ဂျာများစာရင်းအား BROUK မှ အောက်ပါအတိုင်းလက်ခံရရှိခဲ့ပါသည်။

၁။ ဒေါ်နော်စီမာ၊ ၅၄ နှစ် (အမျိုးသမီး)
၂။ မရိုမာ၊ ၁၆ နှစ် (အမျိုးသမီး)
၃။ မနီလာ၊ ၂၁ နှစ် (အမျိုးသမီး)
၎။ ဒေါ်ညီမဖြူ (အမျိုးသမီး)
၅။ မောင်ကြီး၊ ၄၂ နှစ် (အမျိုးသား)
၆။ ဟော်စွန်ရှော်ရစ်ဖ်၊ ၂ နှစ် (အမျိုးသား)
၇။ ဦးနူရာ၏သမီးဖြစ်သူ စာဂျိဒါ၊ ၆ နှစ် (အမျိုးသမီး)
၈။ မုဟမ္မဒ်ရှော်ရိဖ်၊ ၄ နှစ်၊ (အမျိုးသား)
၉။ ဟူစိန်ရှော်ရိဖ်၊ ၃ နှစ် (အမျိုးသား)
၁၀။ ဒေါ်မန်နီစာ၊ ၂၀ နှစ် (အမျိုးသမီး)
၁၁။ စူရတ်ဇမလ်၊ ၈ နှစ် (အမျိုးသမီး)
၁၂။ အာဂျိဒါခါသွန် ရော်ဟီမွဒ်ဒီးန် ၊ ၆ နှစ် (အမျိုးသမီး)
၁၃။ စူလေမာခါသွန်၊ ၆၅ နှစ် (အမျိုးသမီး)
၁၄။ ဖယ်ရာနီ၊ ဦးခေါ်လီအဟ်မဒ်၊ ၆၀ နှစ် (အမျိုးသမီး)
၁၅။ အမည်မသိ၊ ကလေးငယ်။

Burmese Rohingya Organisation UK မှ NLD အစိုးရသို့ ကမ်းလှမ်းခဲ့သည့် ခြေလှမ်းလေးဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁) အမုန်းဝါဒဖြန့်ချီသူများနှင့် အစွန်းရောက်များပပျောက်ရေးဆောင်ရွက်ချက်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အခြား NLD ခေါင်းဆောင်များပုဂ္ဂိလ်အားဖြင့်ဦးဆောင် ကာ မတရားမှုများနှင့် အမုန်း ဝါဒဖြန့်မှုများကိုအထူးသဖြင့် ဆန့်ကျင်ဟောပြော၍ အစွန်းရောက်အမျိုးသားရေး ဝါဒဖြန့်ချက်များကို တန်ပြန် ရမည်ဖြစ်ပါသည်။

၂) လူသားချင်းစာနာသည့် လမ်းဖွင့်ပေးမှု

NLD ဦးဆောင်သောအစိုးရအနေဖြင့် ရခိုင်ပြည်နယ်၌ ဆောင်ရွက်နေသည့် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများ အပေါ်ချမှတ်ထားသည့်ကန့်သတ် ချက်များကို ချက်ခြင်းရုပ်သိမ်းရန်နှင့် အကူအညီပေးရေး လုပ်သားများ၏လုံခြုံရေးအတွက်အာမခံချက်ပေးရန်ဆောင်ရွက်ရန်။ NLD အစိုးရအနေဖြင့် ဒုက္ခသည်စခန်းများ၊ သီးခြားလွင့်စင်နေထိုင်နေရသော ရွာသူရွာသားများအားအထောက် အပံ့ပြုနိုင်သည့် အစိုးရအရင်းအမြစ်များကို ပိုမိုပေးအပ်ရန်။

၃) ၁၉၈၂ နိုင်ငံသားဥပဒေအား ပြင်ဆင်ခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်း။

ရိုဟင်ဂျာများ၏ အခွင့်အရေးများငြင်းပယ်ခံရသည့် အခြေအမြစ်အကြောင်းတရားမှာ ၁၉၈၂ နိုင်ငံသား ဥပဒေဖြစ်ပါသည်။ လွတ်လပ်စွာခရီးသွားလာခွင့်၊ ကျန်းမာရေးနှင့်ပညာရေးဝန်ဆောင်မှု များရယူခံစားခွင့် တို့ အပါအဝင်ရိုဟင်ဂျာတို့ရင်ဆိုင်ကြုံတွေ့နေရသည့်များစွာသောခွဲခြားခံရမှုတို့သည်တင်းပြည့်ကျပ်ပြည့်နိုင်ငံသား အဖြစ်ကို မရရှိခြင်းအပေါ်မူတည်ပါသည်။ NLD ဦးဆောင်သော အစိုးရအနေဖြင့် ခိုင်မာသောလူထုထောက်ခံမှု၊ ခိုင်ခန့်သောပါတီစည်းလုံးမှု၊နှစ်များစွာလိုသေးသည့်ရွေးကောက်ပွဲတို့ကိုအားပြုကာအစိုးရသက်တမ်းအဦး အစ ၌ပင် အခက်အခဲများရှိလင့်ကစား၊အထက်ပါအရေးကိစ္စများကို ပြုရန်ဦးစားပေးဆောင်ရွက်နိုင်ပါသေးသည်။ ၎င်းဥပဒေအား ပြင်ဆင်ပြောင်းလဲခြင်းသည် မုချအငြင်းပွါးဖွယ်ရာဖြစ်သော်လည်း၊ ရှောင်လွှဲရနိုင်သည်တော့ မဟုတ်ပါ။ တစ်ခုသောအချိန်ကာလ၌ ယင်းကိစ္စအားကိုင်တွယ်ဖြေရှင်းရမည်သာဖြစ်ပါသည်။ NLD ဦးဆောင် သော အစိုးရ အခိုင်မာဆုံးဖြစ်နေသည့် အခြေအနေတွင် ကိုင်တွယ်ဖြေရှင်းခြင်းသည်ပို၍သင့်တော်ကောင်းမွန် လှပါသည်။

၎) တရားမျှတမှုနှင့် တာဝန်ယူမှု။

ရိုဟင်ဂျာများအပေါ် မျိုးတုန်းသတ်ဖြတ်မှု ဖြစ်နိုင်ချေ၊ လူသားဖြစ်တည်မှုအားကျူးလွန်သည့် ပြစ်မှု နှင့် မျိုးတုန်းသန့်စင်ဖျောက်ဖျက်ခြင်းအပါအဝင် များစွာသော နိုင်ငံတကာဥပဒေများကို ချိုးဖောက်သည့် ထင်ရှား သောအထောက်အထားများရှိနေပါသည်။ ဤပြစ်မှုများအား ကိုင်တွယ်ဖြေရှင်းခြင်းမပြု၍မရသလို၊ ဤပြစ်မှုများ အတွက် တာဝန်ရှိသူများကိုလည်း ၎င်းတို့ရဲ့လုပ်ရပ်များနှင့်ပတ်သက်ပြီး လစ်လျူရှု၍မရနိုင်ပါ။ ကြောင့်ကြမဲ့ အပူ အပင်ကင်းစွာပြစ်မှုကျူးလွန်နိုင်ခြင်းသည် ရိုဟင်ဂျာများအပေါ်ကျူးလွန်လျှက်ရှိသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများကိုဆက်လက်ကျူးလွန်ရန်အားပေးခြင်းသာဖြစ်ပါလိမ့်မည်။ တရားမျှတမှုနှင့် တာဝန်ယူမှုတို့သည် နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့်ချိုးဖောက်မှုများကိုတားဆီးရန်အလွန်အရေးပါထိရောက်သောကိရိယာတန်ဆာ ပလာဖြစ်ပါသည်။ အဆိုပါပြစ်မှုများအားစုံစမ်းစစ်ဆေးအဖြေထုတ်ရန်နှင့် အရေးယူရန်အတွက် NLD အစိုးရ အနေဖြင့် နိုင်ငံတကာ မှ ကျွမ်းကျင်သူများပါဝင်သော ထိရောက်လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့သင့် ပါသည်။ အကယ်၍ စုံစမ်းစစ်ဆေးမှုအား NLD အစိုးရအနေဖြင့် မပြုလုပ်နိုင်ပါက၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အစည်းကြီးမှ ၎င်း၏ ကိုယ်ပိုင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတည်ထောင်သင့်ပါသည်။

အကျယ်သိလိုပါက http://brouk.org.uk/?p=546 တွင် ဖတ်ရှုနိုင်ပါသည်။

Comment ရေးရန်

Rohingya Exodus