နောက်ဆုံးသတင်း/ဆောင်းပါးများ

အဘိုးတို့ စကားဝိုင်းထဲက ဒေါ်အောင်ဆန်းစုကြည် နှင့် ကျနော်

ယျာတင် (ရိုဟင်းသား)
RB News
13.5.2016

အဘိုးတို့ စကားဝိုင်းထဲက ဒေါ်အောင်ဆန်းစုကြည် နှင့် ကျနော်

(၁)

သူတို့က ည ၉ နာရီလောက်ဆို စုံကြပြီပေါ့။

ကျနော့်အဘိုးက နေ့ခင်းကတည်းက သူတို့အဖွဲ့သား အတွက် အကုန်စီစဉ် ထားတတ်တာ။ လက်ဖက်ရည်က အစ ကွမ်းက အလယ် ဆေးလိပ်က အဆုံးပေါ့ဗျာ။ သူ့ပါတာနာတွေ အတွက်ဆို အဘိုးက လိုလေသေးမရှိအောင် စီစဉ်ထားတတ်တာ။

လက်ဖက်ရည် စပြီး သောက်တာနဲ့ အဘိုးတို့ စကားဝိုင်းကလည်း စတင်လာတာပဲ။

ရယက အတွင်းရေးမှူးက စကားပွဲကို စပေးလိုက်တာက ဒီလို --

"ဒီနေ့ BBC သတင်းက နားဝင်ပီယံပဲ ... ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွတ်ပေးဖို့ ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ပြီ"

အင်။ ပွဲက စပြီ။

အခန်းထဲ စာကျက်နေတဲ့ ကျနော့် နားရွက်က အဘိုးတို့ စကားဝိုင်း ဖက်ကို အလိုလို လှည့်သွားတယ်။

ပွဲစတဲ့ အတွင်းရေးမှူးဆိုသူဟာ ရေဒီယို ပုံမှန် နားဆင်သူ။ BBC, RFA, VOA အပြင် လူအများ စိတ်မစားတတ်တဲ့ မြန်မာအသံကိုပါ သူ လွတ်တယ်လို့မရှိ။ လူပျိုဘဝ တုန်းက အထက်မြန်မာနိုင်ငံဖက် အလုပ်သွားခဲ့သူပီပီ သူ့ ဗမာစကားကလည်း ပီသလား မပြောနဲ့တော့။ ရေဒီယိုက လွင့်ခဲ့တဲ့ အသံအနေအထားနဲ့ ဗမာလို ပြောပြလာတဲ့ သူ့စကားတွေ အဲ့တုန်းက ကျနော် အကုန်နားမလည်ပေမယ့် နားထောင်လို့ အရသာရှိခဲ့လိုက်တာ ပြောမနေနဲ့တော့။ ကျနော်က အလယ်တန်း တက်နေတုန်းကာလ။

ခါတိုင်းဆို အဘိုးတို့စကားဝိုင်းက ထွက်ထွက်လာနေတဲ့ အသံကိုပဲ နားစွင့်တတ်ခဲ့တာ။ ဒီနေ့တော့ ဒေါ်အောင်ဆန်းစုကြည် အမည်ပါလာတော့ စာအုပ်ကို ပိတ် အခန်းက ထွက်လာပြီး အဘိုးတို့ စကားဝိုင်းနားကို သွားချင်ခဲ့ပေမယ့် အမေက ဟန့်ထားလိုက်လို့ မသွားလိုက်ဘူး။ အခန်းထဲ ပြန်ဝင်သွားခဲ့ရပေမယ့် စိတ်က စာအုပ်ထဲမှာ မရှိ။ အဘိုးတို့ စကားဝိုင်းနားကိုရောက်သွားတာ။

တစ်အိမ်သားလုံးကလည်း စိတ်ဝင်တစားနဲ့ စကားဝိုင်း အနားကို အလိုလို ရောက်ရှိလို့။

"သူတို့က တောင်းဆိုတာပေါ့။ ဒီအာဏာရှင်တွေကရော့ လွှတ်ပေးမှာလား။ ငါ တော့ သိပ်မထင်ပေါင်။

အဲ့လို ပြောလာသူက မူလတန်းကျောင်းဆရာကြီး လုပ်နေသူ။

ကျောင်းဆရာရဲ့ အားမရတဲ့ အသံကြောင့် စာကျက်ခန်းထဲက ကျနော့်စိတ်ထဲ အလိုလို နာကျင်ခံစားခဲ့ရတာ။

အပေါ့သွားချင်ယောင်ဆောင်ပြီး အခန်းအပြင် ပြန်ထွက်ကြည့်တော့ တစ်အိမ်သားလုံး မျက်နှာကလည်း စီးပွားရေးမှာ အရှုံးကြီးကြီးပေါ်ခဲ့ဟန်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားတဲ့ စစ်အာဏာရှင်ထက် အခုဏက "လွှတ်ပေးပါ့မလား" ဆိုပြီး အားမလိုအားမရတဲ့ အသံနဲ့ ပြောတဲ့ ကျောင်းဆရာအပေါ် ဒေါသ ပိုမိသလိုလို။

"လွှတ်မပေးလို့လဲ ဘယ်ရမလဲ။ အနှေးနဲ့ အမြန်ပေါ့။ မတရားမှုက တာရှည်ခံတတ်လို့လား။ ဒေါ်စုအတွက် ကျနော်တို့ ဆုတောင်းနေသလို တစ်နိုင်ငံလုံးလည် ဆုတောင်းနေတာပဲ။ နိုင်ငံတကာ ဖိအားကို ဒီအာဏာရှင်တွေ ခံနိုင်လည်း ကာလတိုပေါ့။"

ဒီတစ်ခါ အဘိုးက ဝင်ပြောလိုက်တာ။ အဘိုးကလည်း ကျောင်းဆရာ။

အဘိုးအကြောင်း နည်းနည်း ပြောပြရရင် လူပျိုဘဝက စပြောရအောင်။ အဘိုးက ၈ တန်းအောင်တော့ စစ်တပ်ဝင်ဖို့ လုပ်ခဲ့တာတဲ့။ အဘိုးအဖေက သူတို့ရွာမှာ စာသင်ကျောင်းတစ်ကျောင်း မရှိတော့ သူ့ ၈ တန်းအောင်သားလေးကို ရွာမှာနေပြီး ကလေးတွေကို စာပြဖို့ ဖျောင်းဖျ တောင်းဆိုလို့ စစ်သားဖြစ်ဖို့ နီးစပ်ခဲ့ရက ကျောင်းဆရာ ဖြစ်သွားခဲ့တာပေါ့။

ဒီလိုနဲ့ အဘိုးက ရွာက ကလေးတွေကို နေအိမ်တစ်အိမ်မှာ ခေါ်စုပြီး စာ စပြတာတဲ့။ အဲ့ချိန် အစိုးရကျောင်း ဆိုလို့ ကျေးရွာ ဆယ်အုပ်စု ပေါင်းပြီး ကျောင်းတစ်ကျောင်း ရှိရင်တောင် ကံကောင်းတဲ့ ကာလပေါ့။

ဒီလိုနဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတည်၊ လစာမဲ့ တစ်နှစ်တိတိ စာပြ၊ နောက်တော့ အစိုးရဆီ လျှောက်ခဲ့တာ အမိန့်ကျလာတော့ တရားဝင် အစိုးရကျောင်း ဖြစ်ခဲ့တယ်ပေါ့။ အဘိုးက အဲ့ကျောင်းမှာပဲ သူ့ဘဝကို မြုပ်နှံခဲ့လိုက်တာ နှစ်ပေါင်း ၄၃ နှစ်တိတိ။ ကြားကာလမှာ ပိုပြီးဝေးတဲ့ နယ်ကို နှစ်ကြိမ် ပြောင်းရွေ့ခံခဲ့ရပေမယ့် တစ်နှစ်စီ နေပြီး ကိုယ်ထူကိုယ်ထ တည်ခဲ့တဲ့ ကိုယ့်ရွာက ကျောင်းအပေါ် သံယောဇဉ်ပိုမိလို့ ပညာရေးဌာနဆီ လျှောက်ပြီး ရွာပြန်လာခဲ့တာ။

အဘိုးရဲ့ ကျောင်းဆရာဘဝ သမိုင်းကောင်းက အခု အဘိုးမရှိတော့ပေမယ့် ကျေးရွာက လူတွေရဲ့ နှုတ်ဖျားပေါ်မှာတော့ ကျန်ရစ်နေခဲ့တာ အဘိုးက ရိုးသားလို့။ စေတနာ အနစ်နာ ဝါသနာ ဆိုတဲ့ နာသုံးနာနဲ့ ပြည်စုံတဲ့ ကျောင်းဆရာမို့လို့။ အပြောင်းအရွေ့များများ ဖြစ်မှ ရာထူးတက်တယ်တဲ့။ အဘိုးကတော့ ရာထူးဂုဏ်ကို မမက်ခဲ့။ အရင်က ကျောင်းမရှိလို့ ပညာရေးပိုင်းမှာ အားနည်းခဲ့တဲ့ သူ့ရွာက ပညာရေးကို မြှင့်ပေးချင်လို့ ရာထူးမက်ပြီး အပြောင်းအရွှေ့နဲ့ မျှောပါ မသွားခဲ့တော့ ၄၃ နှစ်ကာလရှည်ကြီးကို လက်ထောက် မူလတန်းပြဆရာ ဘဝနဲ့ ကုန်ဆုံးစေခဲ့သူ။

အဘိုးရဲ့ တပည့်တွေက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာလည်း ပထမဆွတ်ခဲ့ဖူးတယ်။ ရန်ကုန် တက္ကသိုလ်မှာလည်း မဟာတန်းထိ တက်ဖူးတယ်။ ရာပေါင်းများစွာသော ဘွဲ့ရပညာတတ်တွေလည်း ကမ္ဘာအနှံ့မှာ ဖြစ်လို့။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖူးတဲ့ လွှတ်တော်အမတ်တစ်ယောက်တောင် အဘိုးရဲ့ ကျောင်းထွက်။ အဘိုးရဲ့ တပည့်ရင်း။

အဘိုး အမြဲပြောနေကျ စကားတစ်ခွန်းက စာမရလို့ တပည့်တွေကို သူရိုက်နှက်မဆုံးပါဘူးတဲ့။ ရိုက်နှက်ဆုံးမလို့ စာရတာမှမဟုတ်တာတဲ့။ ဒါပေမယ့် အကြောင်းမဲ့ ကျောင်းပျက်တော့ ပြစ်ဒဏ်ကြမ်းကြမ်းလေး ပေးတတ်တာပဲတဲ့။ အကျင့်ဆိုးဖြစ်တဲ့ ဆေးလိပ်သောက်မိတာတို့ ကွမ်းစားမိတာတို့ တွေ့ရင်လည်း ပြစ်ဒဏ် ကြီးကြီးပေးတတ်တာတဲ့။

ကျောင်းသူတွေကို ကျတော့ ချစ်လွန်အား ကြီးတယ်ဆိုပဲ။ သူ့ရည်ရွယ်ချက်က ကျောင်းသားတွေနဲ့ ရင်ပေါင်တန်းပြီး ကျောင်းသူတွေကိုလည်း အတန်းကြီးကြီးထိ ဆက်လက် ကျောင်းတက်စေချင်တာတဲ့။ အဲ့တုန်းက လူတွေအမျာစုက အမျိုးသမီးတွေ ကျောင်းတက်လည်း ဘာအကျိုးမှ မရှိဘူး ဆိုပြီး အယူသန်အားကြီးခဲ့တာကို။

ဒီစာရေးနေသူ ကျနော်ကိုယ်တိုင်လည်း အဘိုးရဲ့ တပည့်ရင်း။ ကျနော်က တတိယတန်း အောင်တဲ့နှစ် အဘိုးကလည်း ပင်စင်ယူလိုက်တယ်။ အဘိုးက တတိယတန်း အတန်းပိုင်။

ဒါနဲ့ ကြုံတုန်းပြောပြမယ်ဗျာ။ အဘိုးရဲ့ ဝန်ထမ်းကဒ်ပြားမှာပါတဲ့ လူမျိုးကော်လံမှာ ရိုဟင်ဂျာပဲ။ ပြီးတော့ သူ့စာရွက်စာတမ်း အဟောင်းတွေကို ထုတ်ထုတ်ကြည့်တိုင်း လူမျိုးရေးရတဲ့ နေရာမှာ ရိုဟင်ဂျာလို့ ရေးထားတာချည်းပဲ။ နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့ အဘိုး၊ တစ်နိုင်ငံလုံးက တိုင်းရင်းသား နိုင်ငံသားတိုင်းကို ထုတ်ပေးခဲ့တဲ့ သုံးခေါက်ချိုးလို့ခေါ်တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ကိုင်ခဲ့တဲ့ အဘိုး၊ အဲ့အဘိုးရဲ့ သားသမီးတွေထဲက သားကြီးနဲ့ သမီးကြီး(ကျနော့်အမေ) တို့နှစ်ယောက်လည်း အမျိုးသားမှတ်ပုံတင်ကဒ် ရတယ်။ ဒါပေမယ့် နောက်သားသမီးတွေကတော့ ဗုန်းခနဲပေါ်လာတဲ့ န၊စ၊က ရဲ့ အတင်းအဓမ္မ ထုတ်ပေးတဲ့ ယာယီ သက်သေခံ လက်မှတ်ကို မကိုင်ချင်လည်း ကိုင်နေရတယ်။

ဟော ... စကားဝိုင်း အကြောင်း ပြောနေတာနဲ့ အဘိုးအကြောင်းဆီ ရောက်ရှိပြီ။

လိုရင်းကို ဆက်ပြောပြပါ့မယ်။

------

(၂)

အဘိုးတို့ စကားဝိုင်းက ညည့်နက်လေ ပိုစည်းကားလာပဲ။

ရေနွေးကြမ်းက အဘိုးတို့ စကားဝိုင်းရဲ့ ဆိုးတူကောင်းဖက် အဖော်ပမာ။ ရေနွေးကြမ်းသောက်ရင်းနဲ့ ပွဲကျနေတတ်တာ ညတိုင်း ၁၂ ကျော်ထိ။

၁၁ နာရီ ထိုးပြီဆိုတာနဲ့ ကျနော်လည်း စာကျက်ခန်းထဲက ထွက် အဖိုးတို့ အနားကို သွားပြီး လဲနေတတ်တာ။ အိပ်နေယောင်ဆောင်ပြီး အဘိုးတို့ စကားဝိုင်းထဲ မျောလိုက်နေတတ်တာ။ အဲ့လိုနဲ့ ငယ်ငယ်ကတည်းက စောစောအိပ်တတ်တဲ့ အကျင့် ကျနော့်မှာ ပါမလာသေးတာ။

" ဒေါ်စု တစ်နေ့နေ့ သမ္မတ ဖြစ်နိုင်မယ် ထင်လား"

အဘိုးတို့ထဲမှာ ဒီတစ်ယောက်က ပညာအရည်အချင်း အနိမ့်ဆုံးပေမယ့် ဉာဏ်ထက်မြက်တဲ့ လူ။ သူ့ကို အဘိုးတို့က ဦးဉာဏ်ထက် လို့ နောက်ပြောင် ခေါ်မိတဲ့အထိ ဉာဏ်ထက်မြက်တဲ့ ပုဂ္ဂိုလ်။

"ငါတော့ မဖြစ်နိုင်ဘူး ထင်တယ် ... ဒီအာဏာရှင်တွေက နိုင်ငံ့ကောင်းစားရေးကို ကြည့်တဲ့ လူမဟုတ် ... ဒေါ်စု အာဏာရရင် အာဏာရှင်တွေ စားကွက်ကုန်မှာလေ ..."

ဦးဉာဏ်ထက်ရဲ့ မေးခွန်းကို ဖြေခဲ့သူက စောစောက ကျောင်းဆရာကြီးပဲ။

ဟွန်း ... ဒီဆရာကြီးက စကားကို အကောင်းမပြောဘူး။
ဒေါ်စု သမ္မတ မဖြစ်နိုင်ဘူးပြောတဲ့ ဆရာကြီးကို ကြားထဲက ကျနော် စိတ်နာမိတယ်။

" ဖြစ်ကောင်း ဖြစ်နိုင်တယ် ... မဖြစ်နိုင်ဘူးလို့ ယတိပြတ် ဘယ်ပြောလို့ ရမလဲ ... အဖေရိက က နယ်ဆယ်မန်းဒယ်လားတောင် ၂၇ နှစ် ထိန်းသိမ်းခံခဲ့ရပြီး နောက်ဆုံး နိုင်ငံ့ ဥသျှောင် ဖြစ်ခဲ့တာပဲ ... အဓိကက ပြည်သူတွေ ထောက်ခံဖို့လိုတာ ..."

ကျနော့် အဘိုးက သူတို့အဖွဲ့ထဲမှာ အသက်အကြီးဆုံး။ အရင့်ကျက်ဆုံးပေါ့။

အဘိုးက မျှော်လင့်ချက် ကြီးကြီးထားတတ်သူ။ လွယ်လွယ် လက်မလျော့တတ်သူ။

" ဒါမှပေါ့ ဆရာရေ ... ဒေါ်စု သမ္မတ ဖြစ်မှ တစ်နိုင်ငံလုံး အေးချမ်းမှာ... အဲ့ချိန်ဆို ငါတို့ ရိုဟင်ဂျာတွေလည်း အာဏာရှင်တွေရဲ့ ဖိနှိပ်ခံရမှုက လွတ်မှာလေ ... မြန်မြန်သာ လွတ်ပြီး မြန်မြန်သာ သမ္မတ ဖြစ်ပါစေတော့ ဒေါစုရယ် ..."

ဦးဉာဏ်ထက်က သူ့မေးခွန်းနဲ့ အဆက်အစပ် အဖြေကို သူကိုယ်တိုင် ဖြေခဲ့တော့ ကျတော်လည်း အိပ်နေယောင်ဆောင်နေရာမှ တစ်ချက်ပြုံးလိုက်ရတယ်။

ကျနော်က ငယ်သေးပေမယ့် ကျောင်းသွားတုန်း ဖြတ်သန်းသွားနေရတဲ့ န၊စ၊က စခန်းတွေမှာ ရိုဟင်ဂျာတွေကို နိမ့်တာ မြင်မြင်နေကျမို့ အဲ့ကတည်းက အာဏာရှင်တွေကို မုန်းတတ်တာ။ လူတွေ မြို့ကျော်ရင် ပုံစံလေး ကိုင်ရတာကိုလည်း ဒေါသထွက်မိတာ။
တစ်ဖြည်းဖြည်း ကြီးလာတာနဲ့ အာဏာရှင်တွေက ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံတာ ပိုပို မြင်တွေ့နေရတော့ အဲ့ကတည်းက လွတ်မြောက်ချင်စိတ်က ကျနော့် အတွေးထဲမှာ။ ကျနော့် နှလုံးသားဗဟိုမှာ။

ဒီလိုနဲ့ ညစဉ်ညတိုင်း အဘိုးတို့ စကားဝိုင်းမှာ အသံတိတ်လျက်နဲ့ ကျနော် စီးမျောခဲ့ဖူးတာ။

အဘိုးတို့ စကားဝိုင်းလည်း ဒေါ်အောင်ဆန်းစုကြည် အကြောင်း မပါလို့ မပြီး။ တစ်ခါတလေ ၈၈ ကျောင်သားခေါင်းဆောင်တွေ အကြောင်းလည်း ပါသေးတာ။

သူတို့အကြောင်းပါလာရင် ကျနော့် စိတ်က အလိုလို ရွှင်လာတတ်ခဲ့တာ အဲ့အချိန်မှာ ကျနော့်အကြောင်း ကျနော် တစ်ယောက်တည်းသာ သိခဲ့တယ်။

အဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ကျနော် ရုပ်ပုံတောင် မမြင်ဖူးသေး။ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရုပ်ပုံတွေလည်း မမြင်ဖူးသေး။ ဒါပေမယ့် ကျနော့် မသိစိတ်က သူတို့ကို အလိုလို လေးစားခဲ့တယ်။ အားကျခဲ့တယ်။ ပြီးတော့ သူတို့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျောင်းသားခေါင်းဆောင်တွေ အမြန်ဆုံး လွှတ်မြောင်လာဖို့ အသံတိတ် ဆုတောင်းဖူးတာလည်း အကြိမ်ကြိမ် အခါခါပဲ။
ကြီးလာတော့ သူတို့အကြောင်း ပိုသိလာလေလေ သူတို့ကို ကျနော်ပို၍ လေးစားလာလေလေ။ သူတို့အပေါ် ပို၍ မျှော်လင့်ချက် ထားလာလေ။
သူတို့က အမှန်တရား ဘက်တော်သားတွေမို့လို့ပါ။

ဒါပေမယ့် ယခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသား ခေါင်းဆောင်တို့ လွတ်မြောက်ဖို့ တောင်းခဲ့တဲ့ ကျနော့် ဆုတောင်းမှုက ပြည့်ဝလာခဲ့ပေမယ့် သူတို့အပေါ် ထားခဲ့တဲ့ ကျနော့် မျှော်လင့်ကြီးကြီးထဲက သေးသေးလေးတောင် မပြည့်ဝ လာခဲ့ပါဘူး။ ဖြစ်ချင်တော့ ပိုတောင် ဆိုးကုန်လာသလို ခံစားရတယ်။

အဘိုးတို့ စကားဝိုင်း အဖွဲ့သားတွေ အားလုံးလည်း လောကကြီးကို နှုတ်ဆက်ခဲ့လေပြီ။

ဒါပေမယ့် သူတို့ မျှော်လင့်ရင်း ဆုတောင်းဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်းလည်း သမ္မတ မဟုတ်ပေမယ့် သမ္မတ အဆင့်လောက်ရှိတဲ့ ရာထူးနဲ့ ဖြစ်လေပြီ။

ဒီအချိန် အဘိုးတို့ သက်ရှိထင်ရှား ရှိနေခဲ့ရင် သူတို့ မျှော်လင့်ချက်ထားခဲ့တဲ့ ပုဂ္ဂိုလ်ကို ဘယ်လို မှတ်ချက်ပြု ဂုဏ်ပြုမလဲ မသိ။ သူတို့ တောင်းဆိုခဲ့တဲ့ ဆုတောင်းမှုက သူတို့ကို လှောင်များ လှောင်ပြောင်နေမလားလို့ပါ။

-----

(၃)

အဘိုးရေ ... ကိုယ်ယုံကြည်လေးစားတဲ့ လူက ကိုယ့်ကို လာထိုးနှက်တာလောက် နာကျင်စရာ ထပ်ရှိဦးမလားဆိုတာ အဘိုးတို့ရဲ့ စကားဝိုင်းထဲက မြေးလေး ယခုအချိန်မှာ ဘယ်သူ့ကို သွားမေးရမှာလဲ။

ပင်လယ်အောက်က အပ်ကို ရှာတွေ့ဖို့ ခက်နေတာထက် အမှန်တရားကို မြင်တွေ့ခွင့် ရဖို့ ပိုခက်နေပါပြီ။

______________________
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
-----------------------
Yar Tin ( YarTin Rohinthar )

မှတ်ချက်။ ။ ကျနော့် ကိုယ်ပိုင်ဘဝရဲ့ ဖြစ်ရပ်မှန်။



Comment ရေးရန်

Rohingya Exodus