နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖားဝပ်ချောင်း ရ.ယ.က ဥက္ကဌဟောင်း အမည်မသိ သေနတ်သမား နှစ်ဦးက ပစ်သတ်



MYARF
RB News
24.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဖားဝပ်ချောင်း ကျေးရွာတွင် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အမည်မသိ သေနတ်နှစ်ဦးက ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ မေလ (၂၄) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်ခန့်တွင် ဖားဝပ်ချောင်း ကျေးရွာမှ ရ.ယ.က ဥက္ကဌဟောင်း ဦးကော်ဘိရ်အာမတ် (ဘ) ဦးဆိဒိတ် (အသက် ၅၂ နှစ်ခန့်) သည် ဖားဝပ်ချောင်း ရခိုင်ရွာတွင် တည်ရှိသော ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င် ရပ်မိရပ်ဖများနှင့် အတူ စကားပြောနေစဉ် မိုးကာ အင်္ကျီ ၀တ်ပြီး မျက်နှာဖုံး တပ်ထားသည့် သေနတ်ကိုင် လူစိမ်းနှစ်ဦး မော်တော်ဆိုင်ကယ် တစ်စီးဖြင့် ရုတ်တရက် ရောက်ရှိလာပြီး ရုံးထဲသို့ စီးဝင်၍ ဦးကော်ဘိရ်အာမတ်ကို သေနတ်ဖြင့် (၃) ချက်တိတိ ပစ်ခတ်ခဲ့သည်။ ဦးကော်ဘိရ်အာမတ်သည် ၎င်းတို့ ပစ်ခတ်သည့် သေနတ် ကျည်ဆံထိမှန်ပြီး ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

သေနတ်သမား နှစ်ဦးသည် ပစ်ခတ်ပြီးသည်နှင့် ဆိုင်ကယ်ပေါ် တက်၍ မောင်တော - ကြိမ်ချောင်း လမ်းမတစ်လျှောက် မောင်းနှင်ကာ ကြိမ်ချောင်းဘက်သို့ ထွက်ပြေး သွားခဲ့သည်။ မိုးကာအင်္ကျီဝတ် လူစိမ်းနှစ်ဦး ဆိုင်ကယ် စီး၍ သွားနေသည်ကို ကံပြင် (ရခိုင်ရွာ) အထိ လမ်းတစ်လျှောက် မြင်တွေ့ခဲ့ကြောင်း လမ်းသွားလမ်းလာ ရိုဟင်ဂျာများက ပြောပါသည်။

သေနတ်သမားများက အကြမ်းဖက် ပစ်ခတ်ပြီးနောက် သက်ဆိုင်ရာသို့ ဖုန်းဆက် တိုင်တန်းခြင်းကို မပြုလုပ်ရန် ပိတ်ပင် တားဆီးခဲ့သည့် အပြင် နီးစပ်ရာ ဖားဝပ်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲ များကလည်း  ချက်ချင်း လာရောက် စစ်ဆေးခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဦးကော်ဘိရ်အာမတ်သည် ဖားဝပ်ချောင်း (ရခိုင်ရွာ) နှင့် ကပ်လျက်ရှိသည့် ၎င်းပိုင် ပုဇွန်ကန် ကိစ္စတစ်ခုနှင့် ပတ်သက်၍ ဖားဝပ်ချောင်း (ရခိုင်ရွာ) မှ ရခိုင်ရွာသား အချို့နှင့် လွန်ခဲ့သည့် လေးငါးရက်ခန့်က အငြင်းအခုံ ဖြစ်ခဲ့သောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ ယနေ့ ရုံးသို့ လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအား ပစ်သတ်သည့် သေနတ်သမား နှစ်ဦးမှာ ရခိုင်ရွာသားများ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။



Comment ရေးရန်

Rohingya Exodus