နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ တစ်ဦးက ဖုန်းပြင်သူ တစ်ဦးကို လုပ်ကြံ ဖမ်းဆီး ငွေညှစ်



Rohingya Eye
RB News
2.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ သရက်အုပ် ကျေးရွာအုပ်စုမှ ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးဂူရာမျာ (အသက် ၂၇ နှစ်) သည် ၎င်း၏ နေအိမ်တွင် ဖုန်းများ၊ ရေဒီယိုများ ပြုပြင်ခြင်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်သည်။

သရက်အုပ် ကျေးရွာအုပ်စု၊ ရခိုင်ရွာတွင် တည်ရှိသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ တစ်ဦးသည် ဧပြီလ (၂၈) ရက်နေ့တွင် ဦးဟာမိတ်ဟူဆောင်း၏ နေအိမ်သို့ သွားရောက်၍ ဖုန်းတစ်လုံး ပြုပြင်ရန် ပေးအပ်၍ ပြန်သွား ခဲ့သည်။ နာရီဝက် အကြာတွင် အဆိုပါ နယ်ခြားစောင့်ရဲသည် ဦးဟာမိတ်ဟူဆောင်း၏ နေအိမ်သို့ ပြန်လည် ရောက်ရှိလာပြီး၊ ၎င်း၏ ဖုန်းတစ်လုံး အခိုးခံရသည်ဟု ဆို၍ နေအိမ်အနှံ့ ရှာဖွေခဲ့သည်။ ထို့နောက် ၎င်းက ပြင်ရန် ပေးထားသည့် ဖုန်းကို တွေ့ရှိသောအခါ ဦးဟာမိတ်ဟူဆောင်းက ဖုန်းခိုးခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင်သွားကာ စခန်းတွင် ချုပ်နှောင် ထားခဲ့သည်။

ဦးဟာမိတ်ဟူဆောင်းကို တစ်ညလုံး ညှဉ်းပန်း နှိပ်စက်သောကြောင့် နောက်ဆုံးတွင် မခံနိုင်တော့၍ ငွေကျပ် နှစ်သိန်း ပေးကာ ဧပြီလ (၂၉) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အစိုးရသစ် ပြောင်းလဲ သွားသော်လည်း နယ်ခြားစောင့်ရဲ များက ယခင် အစိုးရ လက်ထက်တွင် ညှဉ်းပန်း နှိပ်စက် ငွေညှစ်ခဲ့သည့် အတိုင်း ဆက်လက်၍ ပြုလုပ်နေသဖြင့် နိုင်ငံတော် အစိုးရမှ ဟန့်တား အရေးယူ ပေးရန် အထူး လိုလား နေကြသည်။

Comment ရေးရန်

Rohingya Exodus