နောက်ဆုံးသတင်း/ဆောင်းပါးများ

မြို့နယ်၊ ခရိုင် အသီးသီးတွင် ကိုးကွယ်ရာ ဘာသာ အလိုက် လူဦးရေ စာရင်း ထုတ်ပြန်မည်

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

မင်းမင်း
မဇ္ဈိမ
27.5.2016

နေပြည်တော် ။ ။ မြန်မာနိုင်ငံ အတွင်းရှိ မြို့နယ်၊ ခရိုင် အသီးသီးတွင် ကိုးကွယ်ရာ ဘာသာ အလိုက် လူဦးရေ စာရင်း များကို အစိုးရ၏ ရက် (၁၀၀) စီမံချက် အတွင်း ထုတ်ပြန် ပေးသွားမည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောဆို လိုက်သည်။

၂၀၁၄ ခုနှစ် အတွင်းက ကောက်ယူခဲ့သော သန်းခေါင် စာရင်းတွင် ထုတ်ပြန်ရန် ကျန်ရှိနေသေးသည့် ဘာသာရေး ဆိုင်ရာ အချက်အလက် များကို အစိုးရသစ်၏ ရက် (၁၀၀) စီမံချက် အတွင်း ထုတ်ပြန် ပေးမည်ဟု ဝန်ကြီးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"ဘယ်မြို့နယ်မှာ ဘယ်ဘာသာဝင်တွေ ရှိနေတယ်။ ဘယ်ခရိုင်မှာ ဘယ်ဘာသာဝင်တွေ ရှိနေတယ်။ အင်အားတွေ အဲ့ဒါတွေ ထုတ်ပေးဖို့ ရှိနေသေးတယ်။ အဲ့ဒါကို ရက်တစ်ရာအတွင်းမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့မှ ဆွေးနွေးပွဲတွေ လုပ်ပြီးတော့မှ ဒီအချက်အလက်တွေကို ပြည်သူကို တိတိကျကျ ထုတ်ပြန်သွားဖို့ ရှိပါတယ်" ဟု ဦးသိန်းဆွေက ပြောသည်။

သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁.၄ သန်းကျော်ထိ ရှိသည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ၂၀၁၄ခုနှစ် သြဂုတ်လနှင့် ၂၀၁၅ခုနှစ် မေလတို့တွင် အသီးသီးထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဦးဆောင်ကာ နိုင်ငံတကာ လူဦးရေရံပုံငွေအဖွဲ့နှင့် ၂၀၁၄ခုနှစ် မတ်လ ၂၉ရက်မှ ဧပြီလ ၁၀ရက်အထိ ၁၂ရက်ကြာအောင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ခံခဲ့ခြင်းဖြစ်သည်။

ယင်းသို့ကောက်ခံရာတွင် မြန်မာနိုင်ငံအတွင်းရှိ အိမ်ထောင်စုပေါင်း ၁၁သန်းကို မေးခွန်း ၄၁ခုအထိ မေးမြန်းကာ အချက်အလက် ကောက်ခံခဲ့ခြင်းလည်း ဖြစ်သည်။

အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လုပ်ငန်းပေါင်း (၁၃)ခုကို လုပ်ဆောင်သွားမည်ဟု ဝန်ကြီးဦးသိန်းဆွေက မေလ ၂၆ရက်တွင် မဇ္ဈိမသတင်းဌာန၊ ဘီဘီစီမြန်မာပိုင်း၊ ဧရာဝတီသတင်းဌာနတို့နှင့် သီးသန့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

Comment ရေးရန်

Rohingya Exodus