နောက်ဆုံးသတင်း/ဆောင်းပါးများ

ကာနယ် (ဦး) ကြည်မောင် စကားနဲ့ ပြောရရင်-

ဌေးလွင်ဦး
RB News
23.5.2016

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်၊ သူနေတဲ့ တက္ကသိုလ်ရိပ်သာလမ်းက ခြံစည်းရိုးပေါ်ကနေ လမ်းပေါ်က လူထုပရိသတ်ကို မိန့်ခွန်းတွေပြော- အမေးအဖြေတွေ လုပ်ခဲ့ပါတယ်။ အချိန်ကာလက ၁၉၉၆ ခုနှစ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးမှာ လက်ရှိ အာဏာရ ပါတီ NLD ရဲ့ ရှေးဦး ပါတီဖခင်ကြီးထဲမှာ ပါတဲ့ ဦးတင်ဦးနဲ့ ဦးကြည်မောင် (ကာနယ်ကြည်မောင်) ဘယ် ညာ ရံပြီး စကားပြောလေ့လည်း ရှိပါတယ်။

တစ်ပြိုင်နက်မှာ- နအဖ အစိုးရထုတ် သတင်းစာများက NLD ပါတီ မကောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဟာ အမျိုးမစောင့်ကြောင်း အကြီးအကျယ် ပုတ်ခတ်ပြောဆိုနေချိန်လည်း ဖြစ်ပါတယ်။- အဆိုပါ သတင်းစာများ က တစ်ခါတစ်ရံ- ဦးတင်ဦးကိုပင် ပုဂ္ဂိုလ်ရေးစော်ကားပြီး “သွားခေါခေါနဲ့ စစ်သားဟောင်းကြီး” ဆိုတဲ့ အသုံးကိုပင် သုံးခဲ့တာများ ရှိပါတယ်။

အတိုက်အခံ ဆိုတဲ့ ဘောင်ကို ကျော်လွန်ယုံမျှမက အတိုင်းမရှိ အာဏာပြ ရန်လို စော်ကား ပုတ်ခတ်လွန်းတဲ့ သတင်းစာ အသုံးအနှုန်းများကြောင့်- ဒီမိုကရေစီရေးမှာ အားသန်နေတဲ့ ကျွန်တော်တို့သည်ပင် အလွန်တရာ ခံပြင်းမိပါတယ်။- သတင်းစာပါ စော်ကားမှု လွန်ကဲတဲ့ သတင်း စာသားများကြောင့်- နိုင်ငံရေးမှာ စိတ်မပါတဲ့ ပြည်သူများပင်- စော်ကားခံရသူ (NLD ပါတီနဲ့ ပါတီခေါင်းဆောင်)များကို ကရုဏာ ဖြစ်လာရတဲ့ အဆင့်၊ စော်ကားခံရသူဘက်မှ မခံမရပ်နိုင် ဖြစ်လာရတဲ့ အဆင့်ထိပါ။ (မှီလိုက်သူတိုင်း သိနေဦးမှာပါ။)

တစ်နေ့မှာ အဆိုပါ သတင်းစာများနဲ့ ပတ်သက်ပြီး ဦးကြည်မောင် (ကာနယ်ကြည်မောင်)က ခြံစည်းရိုးပေါ်မှ မှတ်ချက်ပြုပါတယ်- ဒီသတင်းစာ ရေးတဲ့ သူတွေဟာ (စိတ်ပညာ သဘောအရ) အစိုးရကို ပြည်သူက အမြင်ကပ်လာအောင်- စော်ကားခံရသူကို ပြည်သူက ကရုဏာဖြစ်လာအောင် ကိုယ့်ဘက်က ရေးပေးနေတယ် လို့တောင် ထင်ရတယ်-ကျေးဇူးတောင် တင်ရမယ်တဲ့။ (ဒေါ်အောင်ဆန်းစုကြည်လည်း သူ့ဘေးမှာ ရှိပါတယ်။)။ (ကျွန်တော် အပါအ၀င် ပရိတ်သပ်ကြီးက သဘောကျလို့ ၀ါးကနဲ လက်ခုတ်တွေ တီးကြပေါ့။)-

အခု- ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လာရင်လည်း- ပြည်တွင်းပြည်ပ မီဒီယာများကို- ကျွန်တော် အဲ့လိုပဲ မြင်နေတာ ကြာခဲ့ပါပြီ။ ဦးကြည်မောင် (ကာနယ်ကြည်မောင်) စကားနဲ့ ပြောရရင်- ကမ္ဘာက ရိုဟင်ဂျာ အပေါ် ကရုဏာ သက်သည်ထက် သက်လာအောင်၊ ရိုဟင်ဂျာများဘက်က ကမ္ဘာ့ အသိုင်းအ၀ိုင်းက ရပ်တည် သည်ထက် ရပ်တည်လာအောင် တမင်များ ရေးပေးနေသလားလို့ပါ။

ရိုဟင်ဂျာများကို ကမ္ဘာ့ အသိုင်းအ၀ိုင်းက မဖြစ်မနေ ရပ်တည်ပေးရအောင်- မီဒီယာများသာ မက- နိုင်ငံခေါင်း ဆောင်များ၊ တပ်ခေါင်းဆောင်များ၊ ရခိုင်ခေါင်းဆောင်များကလည်း အကြီးအကျယ် အားဖြည့်ပေးနေသလို ဖြစ်နေပြန်ပါတယ်။

ပထမတော့ ရခိုင်နဲ့ ရိုဟင်ဂျာ ပြသနာလိုလို။ နောက်တော့ မီဒီယာများက ရခိုင်ဘက်က လိုက် တစ်ဘက်သပ် တအားဖိနှိပ်ရေးနေသလိုလို။ နောက်ဆုံးတော့- အာဏာပိုင် အစိုးရများ၊ စစ်တပ်ထိပ်သီးများ ကိုယ်တိုင်က- ရိုဟင်ဂျာများကို မတရားသဖြင့် ဖိနှိပ်၊ တစ်ဘက်သပ် ဖိနှိပ် အခွင့်အရေး မပေးချင်လို့ ပေကပ်ခံ- ဆိုတာများ ကမ္ဘာမိသားစုမှ မျက်လုံးမှိတ်ထားရင်တောင် အလိုလို မြင်နေရတဲ့ အဆင့်ထိ ဖြစ်ကုန်ပါရောလား။

ရခိုင်နဲ့ ရိုဟင်ဂျာ - နှစ်ဦးနှစ်ဘက်သာ ပြသနာ တက်ခဲ့တယ် ဆိုခဲ့ရင်- နှစ်ဘက်ကို မျှမျှတတ ဖြေရှင်းပေးရမယ့် ကိစ္စပါ။ ရိုဟင်ဂျာများကို နိုင်ငံသား ရုပ်သိမ်းသလို ရခိုင်များကိုလည်း နိုင်ငံသား ရုပ်သိမ်း။ ရိုဟင်ဂျားကို ပညာရေး၊ ကျမ္မာရေး ပိတ်ထားသလို ရခိုင်များကိုလည်း ပညာရေး ကျမ္မာရေး ပိတ်ထား။ ရိုဟင်ဂျာများကို ရွေးချယ် ရွေးကောက်ပိုင်ခွင့်များ ပိတ်ထားသလို ရခိုင်များကိုလည်း ရွေးချယ် ရွေးကောက်ပိုင်ခွင့်များ ပိတ်ထား- နှစ်ဘက်လုံး မျှမျှတတ ပုံစံပေး ဆုံးမ လိုက်ရင်- အားလုံး ငြိမ်သွားမယ့် ကိစ္စ။ ပြီးမှ လိမ္မာပြီ ဆိုမှ နှစ်ဘက်လုံး ဖြေလျှော့ပေးလိုက်- အားလုံး အဆင်ပြေသွားမယ့် ကိစ္စ။

ခုတော့ လူနည်းစုလည်း ဖြစ်၊ ဖိနှိပ်ခံလည်း ဖြစ်တဲ့ ရိုဟင်ဂျာကိုမှ တစ်ဘက်သပ် - ခိုးဝင် လို့ စွပ်စွဲ၊ အတင်း မောင်းထုတ်၊ အတင်း နိုင်ငံခြားသား ခံယူခိုင်း၊ နိုင်ငံခြား ခိုးဝင် လက်မခံလို့ ထမင်းမပေး ဆေးမပေးဘဲ အစာဖြတ် ရေဖြတ် ဖြတ်ထား။- ဒီထက်မက လူမျိုးတုံး သုတ်သင်မှုကိုပါ ကျင့်သုံးလာတဲ့ အဆင့်ထိ ဖြစ်ကုန် ရော။ ဒီ ကျူးလွန်မှုတွေဟာ ရခိုင်လူမျိုးတွေက ကျူးလွန်နေတာလား-၊ အာဏာပိုင်တွေက ကျူးလွန်နေတာ လား-၊ ကမ္ဘာက သိနေပါတယ်။ (ရခိုင်လူမျိုးတွေက ရန်ဖြစ်ထားလို့ ရိုဟင်ဂျာများကို မုန်းနေတယ် ဆိုတာ လက်ခံပါတယ်။ အခွင့်အရေးရရင် ရိုဟင်ဂျာတွေကို မောင်းထုတ်ပစ်ချင်တယ် ဆိုတာကိုလည်း သိပါတယ်။ သို့သော် ရခိုင်လူမျိုးတွေဟာ အာဏာပိုင်တွေ မဟုတ်လို့ Genocide ကို သူတို့ ကျူးလွန်လို့ မရဘူး။ အာဏာပိုင်တွေရဲ့ Genocide ကျူးလွန်နေခြင်းအပေါ်မှာ- သူတို့ မကျေနပ်တဲ့ လူမျိုးကို မျိုးဖြုတ်နေတာကြောင့် အားပေးနေတယ် ဆိုတဲ့ အဆင့်ထိ ဖြစ်ချင်ဖြစ်နိုင်မယ်။- သို့သော်- ရခိုင်လူမျိုးများက ရိုဟင်ဂျာများကို မကျေနပ်ခြင်း ဆိုတဲ့ အခွင့်အရေးကို အသုံးချပြီး လက်တွေ့ Genocide ကျူးလွန်နေသူများက ဗမာအာဏာပိုင် များသာ ဖြစ်နေပါတယ်။

Genocide ကျူးလွန်နေပြီလို့ ကမ္ဘာက အသိအမှတ်ပြုကာ အနီကဒ်ပြ ဖြေရှင်းတော့မယ့် အချိန်မှာ--၊ ဗမာ ဗမာချင်း အတင်းကာကွယ်ပေးနေတဲ့- လူတွေရဲ့ ဝေ့လည်ကြောင်ပတ် စကားများကြောင့်---

ကမ္ဘာ့အသိုင်းအ၀ိုင်းက ရိုဟင်ဂျာများ အပေါ် ပိုလို့ပိုလို့ ကရုဏာသက်လာတဲ့ အပြင်---၊ ဝေ့လည်ကြောင်ပတ် စကားပြောသူများကို ပိုလို့ပိုလို့ မုန်းတီးစက်ဆုတ်လာရလေတော့-၊

ကာနယ်ကြည်မောင် စကားနဲ့ ပြောရရင်-- ကျေးဇူးတောင် တင်ရမယ်ပေါ့။


မုဟမ္မဒ်တွာဟေရ်(ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှုတာဝန်ခံ
Civil Rights Movement

Comment ရေးရန်

Rohingya Exodus