နောက်ဆုံးသတင်း/ဆောင်းပါးများ

တိုင်းရင်းသား စစ်စစ်

ဌေးလွင်ဦး
RB News
17.5.2016

ရိုဟင်ဂျာ ဟု ဆိုခြင်းကြောင့် တိုင်းရင်းသား စစ်စစ် ဖြစ်၏။

အကြောင်းမူ- မည်သည့် လူမျိုးမှ မှိုပေါက်သလို ပေါက်လာခြင်းကား မရှိ။ လူသား မျိုးနွယ် တစ်စုချင်းစီ၏ ပြောင်းရွှေ့ရာ စီးကြောင်းအရ မြစ်ဖျားခံခဲ့ရာ အရပ် ရှိခဲ့ပေမည်။ သို့သော် လူတစ်မျိုးချင်းစီ၏ တိုင်းရင်းသား ဖြစ်ခြင်း ဌာနေလူမျိုး ဖြစ်သည်ဟု အမှတ်သညှာပြုခြင်းတို့မှာ- ၎င်းတို့၏ ယခင် မူလ စတည်ခဲ့ရာအား ဘိုးဘွားစဉ်ဆက် မမှီဘဲ သမိုင်းဆက်ဖြတ်ခဲ့သည်ထိ ကြာမြင့်လျက် လက်ရှိ အခြေချရာ ဒေသတွင် အမည်တစ်ခုဖြင့် မျိုးရိုးစဉ်ဆက် ဖြစ်တည်နေခဲ့ခြင်း၌ တည်၏။

ဥပမာ- ဗမာ ဟု ခေါ်တွင်နေသော လူမျိုးသည် မြန်မာနိုင်ငံ အတွင်းမှ မှိုပေါက်သကဲ့သို့ ပေါက်ဖွားခဲ့ခြင်း မဟုတ်။ တရုတ်ပြည်မြောက်ပိုင်းမှ နဂိုမူလ နန်ကျောင်လူမျိုးဟု ခေါ်တွင်ခဲ့သော လူမျိုးစု ဖြစ်၏။ နန်ကျောင်တို့ ၀င်လာရာ လမ်းမှာ ယခု ဘူတန် နီပေါလ် မှ အောက်သို့ မဏိပူရ်ကို ဖြတ်၍ လာခဲ့ခြင်း ဖြစ်၏။ (တရုတ်ပြည် မြေပုံကို မကြည့် မသိ သူတို့က တရုတ်ပြည်မှ လာလျှင် ယခု ကချင်ပြည်နယ် ရှမ်းပြည်နယ်ကို ဖြတ်ခဲ့ရမည်ဟုသာ ခံစားမိမည် ထင်သည်။- တရုတ်ပြည်၏ မြေပုံအား သေချာ ကြည့်စေလိုသည်။) မဏိပူရ် တောင်တန်းအား ဖြတ်သန်းဝင်ရောက်ခဲ့သည့် အတွက် လက်ရှိကာလတိုင် ဗမာစကားပြော လူမျိုးများ မဏိပူရ်တောင်တန်းပေါ်တွင် ရှိနေဆဲပင်။ သို့သော် နဂို မူလ ၎င်းတို့၏ ဘိုးဘွားစဉ်ဆက် သမိုင်းသည်ကား ပျောက်ခဲ့ပြီ။ လက်ရှိတွင် နန်ကျောင် မဟုတ်တော့ဘဲ ဗမာ ဟု ဖြစ်နေခဲ့ပြီ။ သို့ဖြစ်၍ ဗမာအား မြန်မာနိုင်ငံ၏ ဌာနေလူမျိုး အဖြစ် အမှတ်သညှာပြုရတော့၏။

ရှမ်းလူမျိုး။ ။ ရှမ်းလူမျိုး- မဏိပူရ်ကုန်းမြင့်မှသည် စစ်ကိုင်းတိုင်းအထက်ပိုင်း- ကချင်ပြည်နယ် အောက်ပိုင်း မှစ လက်ရှိ ရှမ်းပြည်နယ်၊ လာအို၊ ထိုင်းထိ မျိုးရိုးကြီး ရှိနေ၏။ မြန်မာပြည် အနေဖြင့် အလွန်ကြီးမား သော လူမျိုးစုကြီး ဖြစ်၍- လက်ရှိ မြန်မာနိုင်ငံ အတွင်းတွင်ပင်- ဗမာထက် အဆ ပိုများ၏။ (သန်းခေါင် စာရင်း အမှန်ကို ကြည့်ပါ။) အဆိုပါ ရှမ်းလူမျိုးကြီးသည် မြန်မာပြည်တွင်းတွင်သာ “ရှမ်း” ဟူသော အမည်ဖြင့် ဆက်လက်ရှိနေခဲ့ပြီး- လာအို နှင့် ထိုင်း တို့က ခွန်လာအို၊ ခွန်ထိုင်း ဟူသည့် အမည်များဖြင့် သီးခြားခွဲထွက်သွားခဲ့ပြီ။ သမိုင်းအားဖြင့်လည်း နှစ်ပေါင်း ရာထောင် ရှိခဲ့ပြီ။ သို့ဖြစ်၍ လက်ရှိ မြန်မာနိုင်ငံမှ ရှမ်းသည် မြန်မာပြည်တွင် ဌာနေ လူမျိုး အဖြစ် သတ်မှတ်ရ၏။

မြန်မာနိုင်ငံ အတွင်းရှိ ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်- စသည့် စသည့်- မည်သည့် လူမျိုး မဟူ လက်ရှိ နေထိုင်ရာ အရပ်ဒေသများတွင် အခြေချနေထိုင်မှု ကာလ ကြာမြင့်လျှက်- ၎င်းတို့၏ မူလဇစ်မြစ်မှ သီးခြားဖြာထွက်ခဲ့ပြီး ဖြစ်သည့် အတွက်- လက်ရှိနေထိုင်ရာ ဒေသတို့၏ ဌာနေများ ဖြစ်ခဲ့ကြပြီ။

လူသား သဘာဝ ပြောင်းရွှေ့မြဲ ဖြစ်သည့် အတွက် ဆက်လက်ပြောင်းရွှေ့ နေသော်လည်း မိမိတို့၏ မျိုးရိုးဇာတိအား မမေ့ပျောက်သေးသည့် လူမျိုးစုတို့အား အဆိုပါ ဒေသတွင် ဌာနေ လူမျိုး အဖြစ် မခေါ်ဆိုအပ် မသတ်မှတ်အပ်ပါ။-

ဥပမာ- မြန်မာနိုင်ငံမှ ကရင်၊ ကချင်၊ ဗမာ၊ ရှမ်း၊ ချင်း၊ ရခိုင် စသည်တို့ အနေဖြင့် ထိုင်း၊ မလေး နှင့် အနောက်နိုင်ငံများသို့ - ယခု ဆယ်စုနှစ်များတွင် ပြောင်းရွှေ့ခဲ့သူတို့ ရှိ၏။ အချို့ဆိုလျှင် ဦးနု ခေတ်ကာလ (လွန်ခဲ့သော နှစ် ၆၀ ခန့်ကပင်) ပြောင်းရွှေ့ခဲ့သူတို့ ရှိ၏။ သို့သော် သူတို့ကိုယ် သူတို့ မိမိတို့၏ ဇာတိများအား မမေ့ပျောက်သေးသည့် အတွက် သက်ဆိုင်ရာ ဒေသများ၌ နိုင်ငံသား အဆင့်ဖြင့်သာ ရပ်တည်နေကြလေ၏။

ရိုဟင်ဂျာ တို့ ဟူမူကား- ရိုဟင်ဂျာတို့သည်လည်း ရခိုင်ဒေသတွင် မှိုပေါက်သကဲ့သို့ ပေါက်ဖွား ခဲ့ကြသူများ မဟုတ်။ ၎င်းတို့၏ မြစ်ဖျားခံရာမှာ (ဘာသာစကား ရိုးရာဓလေ့ အသွင်အပြင် အားဖြင့် လိုက်သော်) နီပေါလ်ဘက်မှ တစ်ဆင့် မဏိပူရ် ကုန်းမြင့်အတိုင်း ရခိုင်ပင်လယ်ကမ်းရိုးထိ စုန်ဆင်းခဲ့ကြသူများ ဖြစ်၏။

၎င်းတို့သည် ဘင်္ဂလီ စင်စစ် လူမျိုးနွယ်များဖြင့် လွန်စွာ ကွာခြားပြီး- ဘာသာစကား ဓလေ့ထုံးတမ်း ရုပ်ရည်သွင်ပြင်လည်း သီးခြားစီ ဖြစ်၏။ (တနည်းအားဖြင့် အနောက်ဘက် ဘင်္ဂလားမှ အရှေ့ဘက် ရခိုင်ဒေသသို့ စီးကြောင်းအားဖြင့် ၀င်ခဲ့ကြသူများ မဟုတ်ဘဲ၊ မြောက်ဘက် မဏိပူရ်ကုန်းမြင့်မှ တောင်ဘက် ရခိုင်ကမ်းရိုးတန်းသို့ စုန်ဆင်းခဲ့ကြသူများသာ ဖြစ်၏။ ရခိုင်ဒေသသို့ ၎င်းတို့ဝင်ခဲ့ကြသည်မှာ လွန်စွာရှေးကျ၍ ၎င်းတို့၏ မူလမျိုးရိုး ဇာတိကိုပင် ၎င်းတို့မသိ မေ့ပျောက်ခဲ့ကြလေပြီ။ ၎င်းတို့နှင့် နီးစပ်မှု ရှိသည့် လူမျိုးနွယ်မှာ လက်ရှိ ကမ္ဘာ့မြေပုံ နိုင်ငံသတ်မှတ်မှု အရ အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နယ်ဆုံရာ (ချင်းပြည်နယ်နှင့် ရခိုင်မြောက်ပိုင်း အထက်ပိုင်းဒေါင့်) များတွင် ရှိနေ၏။ သို့ဖြစ်၍ ၎င်းတို့ လူမျိုးနွယ်မှာ နီပေါလ်မှသည် ရခိုင်ထိ ပျံ့နှံ့လျှက် ရှိ၏။ (ကျမ်းကိုး ပြရန် လိုမည် မထင်- လက်ရှိအချိန်ထိ လူကိုယ်တိုင် သွားရောက်လေ့လာလျှင် - ဘာသာစကား ဆက်စပ်မှုအားဖြင့် တွေ့ရမည် ဖြစ်သည်။- ဟင်နရီ ဂျီ ဘဲလ် မှတ်တမ်းပြုသည့် ၁၈၅၂ ခုထုတ်- An Account of Burma Empire စာအုပ်တွင်လည်း တွေ့နိုင်၏။)

နိုင်ငံများ သီးခြား လွတ်လပ်ရေး ရကြသော အခါ- အဆိုပါ လူမျိုးနွယ်မှ စစ်တကောင်း ဒေသတွင် ရှိနေသည့် သူတို့အား- ဘင်္ဂလားမှ ပိုင်ဆိုင်သွား၍- အုပ်ချုပ်သူ ဘင်္ဂလီ လူမျိုးကြီးမှ ဘင်္ဂလီမှုပြု လျှက် ဘင်္ဂလီဟူသော အမည်ဖြင့် သတ်မှတ်လိုက်သော်လည်း အမှန်စင်စစ်မှာ ၎င်းတို့သည် ဘင်္ဂလီများ မဟုတ်ကြပေ။ စစ်ကိုင်းတိုင်းမှသည် ရှမ်းပြည်နယ် နယ်စပ်ထိ - (မြန်မာပြည် အထက်ပိုင်း ကချင်ပြည်နယ် အောက်ပိုင်း) ကြီးမားကျယ်ပြန့်သော နေရာကြီးတွင် ရှိနေသည့် မြောက်များစွာသော ရှမ်းတို့အား ဗမာ ဟု ဗမာမှု ပြု လိုက်သကဲ့သို့ ဖြစ်၏။

အိန္ဒိယထဲတွင် ပါဝင်သွားသည့် အဆိုပါ လူမျိုးနွယ်မှ လူစုအား အိန္ဒိယနိုင်ငံမှ- အာသံသား၊ မဏိပူရ်သား စသည်ဖြင့် ဒေသနာမည်အားဖြင့် ၎င်းတို့ကိုယ်တိုင် သတ်မှတ်သည့် လူမျိုးအမည်များဖြင့် အသိအမှတ်ပြု၍ ဌာနေလူမျိုးများ အဖြစ် သတ်မှတ်ပေးထား၏။

အဆိုပါ လူမျိုးနွယ်မှ ရခိုင်ဒေသသို့ ပျံ့နှံ့ခဲ့သော ရိုဟင်ဂျာ လူမျိုးစုမှာ- ခိုင်မာသော သမိုင်းကြောင်း အထောက်အထားများ အရ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်ကပင် အခြေချနေထိုင်ပြီး ဖြစ်၏။ (ထိုထက် ရှေးကျသော သမိုင်း အချက်အလက်ကိုကား ကျွန်ုပ်လည်း လက်လှမ်းမမှီသေးပါ။) လူသား သဘာဝ အလျှောက် အဆိုပါ ရိုဟင်ဂျာ လူမျိုးသည်လည်း မိမိတို့၏ မျိုးရိုးစဉ်ဆက်အား မေ့ပျောက် ကုန်လျှက် သူတို့ကိုယ် သူတို့ ရိုဟင်ဂျာ ဟုသာ သိနေပြီး ဖြစ်၏။ (ဗမာများမှာ ၎င်းတို့ နန်ကျောင် လူမျိုး ဖြစ်ခဲ့သည်အား မေ့သွားသကဲ့သို့ပင်)။ ရိုဟင်ဂျာ ဟူသော လူမျိုး အမည်အား မှတ်တမ်း ခိုင်မာစွာ ရှိခဲ့သည်မှာလည်း နှစ်ပေါင်း နှစ်ရာကျော် ဖြစ်ခဲ့ပြီ။ ထို့ထက် ရှေးကျသော မှတ်တမ်းများတွင် ရခိုင်ဒေသအား ရိုဟမ်း ဟု ခေါ်တွင်ခဲ့သည်မှာလည်း နှစ်ပေါင်း လေးရာ ကျော် ရှိခဲ့ပြီ။ ၎င်းတို့ ပြောဆို သည့် ဘာသာစကားဖြင့် ရခိုင်ဒေသ မှတ်တမ်း ကျောက်စာများမှာလည်း နှစ်ပေါင်း ထောင်ကျော် ရှိခဲ့ပြီ။ (ကျွန်ုပ်ပြောဆို တင်ပြမှုတို့အား ကျွန်ုပ်ခိုင်မာစွာ ရပ်တည်နိုင်ပါသည်။)

လူမျိုးတစ်မျိုး အနေဖြင့် ၎င်းတို့၏ အနွယ် မည်သည့်ဒေသမှ ဖြစ်ခဲ့စေကာမူ။ အဆိုပါဒေသများတွက် ဆက်လက်ရှိနေစေကာမူ-၊ အဆိုပါ လူမျိုးတစ်မျိုးသည် ဒေသတစ်ခုတွင် နှစ်ပေါင်း ရာထောင် ချီလျှက် ကိုယ်ပိုင်အမည်နာမဖြင့် ရပ်တည်ခဲ့ပြီ ဖြစ်၍-။ အဆိုပါ လူမျိုး (ရိုဟင်ဂျာ)တို့သည် ရခိုင်ဒေသ၏ မူလဌာနေ လူမျိုး အဖြစ် မသတ်မှတ်၍ မရနိုင်တော့ပေ။

မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီး စပ်ရွှေသိုက် ပြောခဲ့သည့် စကားအတိုင်းပင်- အကယ်၍ ရိုဟင်ဂျာ လူမျိုးတို့အား မြန်မာနိုင်ငံ၏ တိုင်းရင်းသား အဖြစ် မသတ်မှတ်က- ရှမ်း၊ ချင်း၊ ကရင်၊ ရခိုင်၊ မွန် တို့သည်လည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသား အဖြစ် သတ်မှတ်၍ မဖြစ်နိုင်တော့ပါ။

အချို့ကလည်း စောဒက တက်လိုသည်မှာ- ရှမ်းလူမျိုးသည် ထိုင်း၊ မြန်မာ တရုတ် တွင် ရှိ၏။ မွန်လူမျိုးသည် ထိုင်း၊မြန်မာ တွင် ရှိ၏။ ရခိုင်လူမျိုးသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတွင် ရှိ၏။ သို့ဖြစ်၍ ဟိုဘက်ဒီဘက် ခွနေသော လူမျိုးဖြစ်ကာ- လူမျိုးအမည်ဖြင့် သတ်မှတ်မှု ရှိ၏။ သို့သော် ဘင်္ဂလားဒေ့ရှ် တွင် ရိုဟင်ဂျာ ဟု မရှိ- သို့ဖြစ်၍ ရခိုင်တွင်လည်း ရိုဟင်ဂျာ ဟု မရှိရာ၊ မရှိအပ် ဟု စွပ်စွဲလိုကြ၏။- အဆိုပါ စောဒက ပြုသူများ ဆင်ခြင်ရမည်မှာ-

ဗမာမှုပြုခံထားရသော ရှမ်းဖြူ လူမျိုး အမည်ဖြင့် ထိုင်းတွင် မရှိပါ။ ကရင်လူမျိုး အမည်ဖြင့် ထိုင်းတွင် မရှိပါ- (ထိုင်းက ကလီယန် ဟုသာ ခေါ်သည်။ ထိုင်းရှိ ကလီယန် တို့အား တိုင်းရင်းသား အဖြစ် သတ်မှတ်ပေးထားသည်)- အဆိုပါ ကရင် လူမျိုးနွယ်အား အင်ဒိုနီးရှားတွင် အော့ကရောင် လူမျိုးဟု ခေါ်သည်။ (မြန်မာနိုင်ငံတွင် ရှိသော ကရင်လူဦးရေဖြင့် မတိမ်းမယိမ်း ရှိသည်။) အက်ဒ်မန်ကျွန်းသည် မူလ ကရင်လူမျိုးများ၏ ဒေသ ဖြစ်၍ ယခု အခါ အိန္ဒိယ လူမျိုးဟုသာ အမည်တွင်တော့သည်။ လက်ရှိထိ သက်ကြီးရွယ်အိုများမှာ ကရင်စကားပြောလျှက်၊ ကရင်ရိုးရာ ၀တ်စုံဖြင့် ကျန်နေပါသေး သည်။

ထိုထက် အနီးစပ်ဆုံး ဥပမာ ကို ပေးရသော်- ဒိုင်းနက် လူမျိုး အမည်ဖြင့် ဘင်္ဂလားတွင် မရှိပါ။ ကမန် လူမျိုး အမည်ဖြင့် ဘင်္ဂလားတွင် မရှိပါ။ ရခိုင်လူမျိုး အမည်ဖြင့် ဘင်္ဂလားတွင် မရှိခဲ့ပါ။ (မော့ဂ် ဟုသာ သတ်မှတ်ခဲ့သည်။) ယခု နောက်ပိုင်းတွင်မှ မော့ဂ် ဟူသည် ရခိုင် ဟု သတ်မှတ်လာခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဘင်္ဂလားတွင် ဒိုင်းနက်ဟု ခေါ်သော လူမျိုး မရှိ၍ မြန်မာတွင်လည်း ဒိုင်းနက် မရှိရ ဟု သတ်မှတ်လျှင်- မြန်မာ ဘင်္ဂလား ခွ နေသော လူမျိုးတို့အား ဘင်္ဂလား စကားဖြင့်သာ သတ်မှတ်ရ တော့မည် ဖြစ်သည်။ ထိုသို့ဖြစ်လျှင်- ဗမာ လူမျိုးများကိုလည်း မာရ်မာ့ လူမျိုးဟု ပြောင်းလဲ သတ်မှတ်ရန်၊ ရခိုင် လူမျိုးကိုလည်း မော့ဂ် လူမျိုးဟု ပြောင်းလည်း သတ်မှတ်ရန်သာ ရှိသည်။

ရခိုင်ဒေသတွင် ဌာနေ လူမျိုး ဖြစ်တည်ပြီး ဖြစ်သော “ရိုဟင်ဂျာ” တို့၏ လက်တွေ့ မျက်တွေ့ ခိုင်မာသော အထောက်အထားမှာ- အမေရိကန် အပါအ၀င် အနောက်နိုင်ငံများသို့ ရောက်နှင့်ပြီး “ရိုဟင်ဂျာ” များက ၎င်းတို့သည် ရိုဟင်ဂျာ လူမျိုးပင်ဖြစ်သည်ဟု ရပ်တည်နေခြင်းပင်။ အကယ်၍ ၎င်း တို့ အနေဖြင့် ရိုဟင်ဂျာ လူမျိုး စင်စစ် မဟုတ်ခဲ့ပါက- လူ့အခွင့်အရေး အပြည့်အ၀ ရှိ၍- မိမိ သတ်မှတ် လိုသည့် အမည်အား သတ်မှတ်နိုင်သည့် နိုင်ငံများတွင်- သူတို့၏ ဇာတိ အမှန်အားဖြင့် သူတို့ ရပ်တည် လိုက်ကြမည်သာ ဖြစ်၏။ အမေရိကန်ရောက် ဘယ် ဗမာ တစ်ယောက်မှ (မိမိ၏ မြန်မာနိုင်ငံ ဆင်းရဲမွဲတေလျှက် မျက်နှာငယ်နေရချိန်တွင်ပင်) မိမိသည် ထိုင်းလူမျိုး ဖြစ်သည်ဟုလည်းကောင်း၊ မိမိသည် တရုတ်လူမျိုး ဖြစ်သည်ဟု လည်းကောင်း ရပ်တည်ခြင်း ပြောဆိုခြင်း မရှိသကဲ့သို့။ ရိုဟင်ဂျာ တို့သည်လည်း မိမိသည် ဘင်္ဂလီ ဖြစ်သည်ဟု ရပ်တည်သူ တစ်ဦးတစ်ယောက်မျှ မရှိပါချေ။

ဗမာတို့၏ ဌာနေလူမျိုး ဖြစ်ကြောင်း ဗမာတို့၏ ရပ်တည်ချက်အားဖြင့် လုံလောက်သကဲ့သို့ ရိုဟင်ဂျာတို့၏ ဌာနေလူမျိုး ဖြစ်ကြောင်းသည်လည်း ရိုဟင်ဂျာတို့၏ ရပ်တည်ချက်ဖြင့်ပင် လုံလောက်ပေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အရေးအား ၀င်ရောက်စွက်ဖက်ခွင့် မရှိပါချေ။

မုဟမ္မဒ်တွာဟေရ်(ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှုတာဝန်ခံ
Civil Rights Movement

Comment ရေးရန်

Rohingya Exodus