နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောက်ဦးမှ ရိုဟင်ဂျာ တစ်ဦး ဆိုင်ကယ် တိုက်ခံရပြီး သေဆုံးသွားသော်လည်း တိုက်သူကို ရဲက ပြန်လွှတ်ပေး

သေဆုံးသွားသူ ဦးရှော်ဖိခ်၏ ရုပ်အလောင်းကို မြေမြှပ် သဂြိုဟ်ရန် သယ်ဆောင် သွားစဉ်

RB News
27.5.2016

မြောက်ဦး
။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါင်းတော ကျေးရွာ (ဖုန်ဒုလ်ကုရ်) မှ ဦးရှော်ဖိခ် (ဘ) ဦးနေဆာရ်သည် မေလ (၂၃) ရက်နေ့က ဆိုင်ကယ်စီး၍ သွားနေစဉ် မောင်နီကျွန်းရွာမှ ရခိုင် အစွန်းရောက် တစ်ဦးက ဆိုင်ကယ်ဖြင့် နောက်မှ အရှိန်ဖြင့် လိုက်လာပြီး တမင်တိုက်ခဲ့သည်။ တိုက်ခံရသူ ဦးရှော်ဖိခ်သည် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့ပြီး မြောင်းဘွေ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသသော်လည်း အရေးပေါ်ကုသမှု ခံယူရန် လိုအပ်နေသဖြင့် ယင်းနေ့ညတွင်ပင် ထိုမှ တဆင့် စစ်တွေ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

၎င်းအား စစ်တွေ ဆေးရုံကြီးတွင် ဆေးကုသသော်လည်း ကုသမှု မအောင်မြင်ဘဲ မေလ (၂၄) ရက်နေ့ ညနေပိုင်းတွင် သေဆုံး သွားကြောင်း မြောက်ဦးမှ ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

စစ်တွေ ဆေးရုံကြီးတွင် သေဆုံးသွားသည့် ဦးရှော်ဖိခ်၏ ရုပ်အလောင်းကို မြောက်ဦးမြို့သို့ ပြန်လည် သယ်ယူရန် ကြိုးစားသော်လည်း အစပိုင်းတွင် မအောင်မြင်ခဲ့ကြောင်း၊ နောက်ဆုံးတွင် ငွေကျပ် ၉ သိန်းခွဲခန့် အာဏာပိုင်များကို ပေး၍ နှစ်ရက် အကြာတွင် ပြန်လည် သယ်ဆောင်နိုင်ခဲ့ပြီး ယနေ့ မေလ (၂၇) ရက်နေ့တွင် မြေမြှပ် သဂြိုဟ်နိုင်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ဆိုင်ကယ်တိုက်သူကို မြောက်ဦး ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်းတွင် ငွေကျပ် (၃) သိန်းယူ၍ အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus