နောက်ဆုံးသတင်း/ဆောင်းပါးများ

ပန်းတောပြင် တံတားမှ နယ်ခြားစောင့်ရဲ များက ပညာရေးဌာနမှ ပစ္စည်းများကိုပင် ငွေမပေးဘဲ စခန်းဖြတ်ခွင့် မပေး

ပန်းတောပြင် တံတား စခန်းတွင် ဖြတ်သန်း သွားလာသူ များကို စစ်ဆေး၍ ငွေညှစ်နေပုံ

RB News
15.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ပန်းတောပြင် တံတားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် မိုးယိုနေသည့် ညောင်ချောင်း မူလတန်းလွန်ကျောင်း ပြုပြင်ရန် မောင်တော မြို့မဈေးမှ လက်တွန်းလှည်းဖြင့် သယ်ယူလာသည့် ပစ္စည်းများအတွက် ငွေတောင်းခံခဲ့သဖြင့် ညောင်ချောင်း မူလွန်ကျောင်းမှ ဆရာမကြီးနှင့် စကားများခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၁၄) ရက်နေ့ နံနက် ၁၀ နာရီခွဲခန့် အချိန်တွင် မောင်တော မြို့မဈေးမှ လက်တွန်းလှည်းဖြင့် သယ်ယူလာသည့် ပစ္စည်းများ အတွက် အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက လက်တွန်းလှည်း သမားထံမှ ကင်းစခန်း ဖြတ်ကျော်ခ အဖြစ် ငွေကျပ် တစ်သောင်း တောင်းခံခဲ့သည်။ လက်တွန်းလှည်းသမားက ဤပစ္စည်းများသည် မူလွန်ကျောင်း ပြုပြင်ရန် အတွက် မောင်တောဈေးမှ ၀ယ်လာသည့် ပစ္စည်းများ ဖြစ်ကြောင်း ပြောဆို၍ ၀ယ်ယူထားသည့် ပြေစာကိုလည်း ပြခဲ့သည်။ သို့သော်လည်း နယ်ခြားစောင့်ရဲ များက “ဘယ်ကျောင်း အတွက်ပဲ ဖြစ်ဖြစ် စခန်းဖြတ်ကျော်ခ ပေးရမယ်၊ မကျေနပ်ရင် ကြိုက်တဲ့နေရာ သွားတိုင်” ဟု ပြောဆိုခဲ့ကြောင်း နယ်ခြားစောင့်ရဲ များနှင့် လက်တွန်းလှည်းသမားတို့ ပြောဆိုနေသည်ကို စခန်းရှေ့မှ ဖြတ်သွားစဉ် ကြားသိသူ ဒေသခံတစ်ဦးက RB News သို့ပြောသည်။

လက်တွန်းလှည်းသမားက ၎င်းအနေဖြင့် လက်တွန်းလှည်း တွန်းပြီး ငွေတစ်သောင်း မရသေးကြောင်း၊ ၎င်းတွင် ငွေနှစ်ထောင်သာ ရှိသည်ကို ယူရန်နှင့် ၎င်းအား သွားခွင့်ပြုရန် အနူးအညွတ် တောင်းပန်ပြီး ပြောသော်လည်း၊ နယ်ခြားစောင့်ရဲ တစ်ဦးက ၎င်းကို ရိုက်နှက်ခဲ့သည်။ ရိုက်နှက်နေရာမှ ရုန်းထွက်၍ ပြေးသွားပြီး ညောင်ချောင်း မူလွန်ကျောင်းအုပ် ဆရာမကြီးကို အကျိုးအကြောင်း ပြောပြခဲ့သည်။ ထို့နောက် ဆရာမကြီး ကိုယ်တိုင် ကင်းစခန်းသို့ ရောက်ရှိလာခဲ့ပြီး နယ်ခြားစောင့်ရဲ များကို ကျောင်းပြုပြင်ရန် သယ်ယူလာသည့် ပစ္စည်းများ အတွက် ငွေကျပ် တစ်သောင်း တောင်းရခြင်း အကြောင်း မေးမြန်းရာ နယ်ခြားစောင့်ရဲ များက အစပိုင်းတွင် တင်းတင်းမာမာ ပြန်ပြောခဲ့သော်လည်း ဆရာမကြီးက ဤကိစ္စကို မြို့နယ် ပညာရေးဌာန အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးချုပ်ထိ တိုင်တန်းမည် ဖြစ်ကြောင်း၊ ပစ္စည်းများ သယ်ခွင့် မပေးလျှင် စခန်းတွင် သိမ်းထားနိုင်ကြောင်း ပြောဆို၍ ပြန်ရန် ဟန်ပြင်နေစဉ် စခန်း၏ တာဝန်ခံ ရဲအရာရှိက ဆရာမကြီးကို ထိုကဲ့သို့ မပြုလုပ်ရန် တောင်းပန်ပြီး နောက်ဆုံးတွင် ပစ္စည်းများကို သယ်ခွင့် ပေးခဲ့ကြောင်း သိရှိရသည်။

လွန်ခဲ့သည့် နှစ်ပတ်ကလည်း မောင်တော မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ရပ်ကွက် ကျေးရွာတိုင်းမှ စာသင်ကျောင်းများ၏ ကျောင်းကော်မတီများကို ခေါ်ယူ၍ စာသင်ကျောင်းများ အတွက် White Board များပေးခဲ့ရာ ထို White Board များ သယ်ယူခဲ့စဉ်ကလည်း အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက “ကုလားကျောင်း အတွက်ဆို ငွေပေးမှ သယ်ခွင့်ပေးမယ်” ဟု ဆိုကာ ငွေကျပ် နှစ်ထောင်စီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် လမ်းသွားလမ်းလာ များကို နေ့စဉ် ရက်ဆက် အနှောက်အယှက် ပေးနေပြီး၊ ကင်းစခန်း တာဝန်ခံ ရဲအရာရှိ ကိုယ်တိုင်က အတင်းအဓမ္မ ငွေညှစ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus