နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်မှာ လုံခြုံရေးတိုးမြှင့်

ရခိုင်ပြည်နယ်မှာ လုံခြုံရေး တိုးမြှင့်ထားတဲ့ ရဲတပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်  Photo: Min Thein Aung/ RFA

5.6.2016

ရခိုင်ပြည်နယ် အတွင်းက မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ စိစစ်သွားဖို့ အတွက် မြေပုံ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ လုံခြုံရေး အတွက် အစိုးရက ရဲတပ်ရင်း ၃ ခုကို ဒီနေ့ကနေ စတင်ပြီး တိုးမြှင့်ချ ထားပါတယ်။

အဲဒီရဲတပ်ရင်းတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စီစစ်ပြီးတဲ့နောက်မှာ ပြန်လည်ရုတ်သိမ်း မှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့ကအဲ့ကိစ္စပြီးရင် ပြန်မှာပေါ့၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဆောင်ရွက်တဲ့အချိန်မှာတော့ အဲ့မှာရှိမှာပေါ့၊ ဒါကတော့ စမ်းသပ်ပြီးမှလုပ်မယ့်သဘောပါပဲ၊ ပုဏ္ဏားကျွန်းမှာလည်း တပ်ရင်းရောက်တယ်၊ ကျောက်ဖြူမှာလည်းရောက်တယ်"

ရခိုင်ပြည်နယ် မြေပုံနဲ့ ကျောက်ဖြူမြို့နယ်နှစ်ခုကို ပိုင်းလော့ဧရိယာအဖြစ်သတ်မှတ်ပြီး မွတ်ဆလင် တွေကို အစိုးရက အခုလအတွင်းမှာပဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သားဥပဒေနဲ့ စီစစ်ဖို့ပြင်ဆင်နေတာလို့ လည်းပြောပါတယ်။

အခုတိုးမြှင့်ထားတဲ့ ရဲတပ်ရင်းတစ်ခုစီမှာ အင်အား ၃၀၀ လောက်ပါဝင်ပြီး မြေပုံမြို့မှာတော့ ရဲတပ်ရင်း တစ်ခုလုံး ဒီနေ့စတင်ရောက်ရှိလာကြတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာလည်း မြေပုံမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်အနှံ့က မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ စိစစ်ခဲ့ပေမယ့် ကန့်ကွက်မှုတွေကြောင့် ရပ်နားခဲ့ရပါတယ်။

Comment ရေးရန်

Rohingya Exodus