နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ထံသို့ အိတ်ဖွင့် တိုင်ကြားစာ

P.O.E မှ နယ်ခြားစောင့်ရဲ များ၏ ရိုက်နှက်မှုကြောင့် သေဆုံး သွားသူ ဦးမာမူရော်ရှိတ်

သို့/-

ဦးညီပု
ပြည်နယ်ဝန်ကြီးချုပ်
စစ်တွေမြို့၊ ရခိုင်ပြည်နယ်

နေ့စွဲ။ ။ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၇)ရက်

အကြောင်းအရာ။ ။ ငါးဖမ်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသည့် ရိုဟင်ဂျာ တံငါးသည် တစ်ဦးကို P.O.E စခန်းမှ နယ်ခြားစောင့် ရဲများက ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ကိစ္စ။

လေးစားစွာဖြင့်

၁။ အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့၊ ညနေ(၄) နာခန့်အချိန်၌ မောင်တောမြို့နယ် တောင်ပိုင်း ပဒင်းကျေးရွာမှ တံငါးသည် သုံးဦးတို့သည် သက်ဆိုင်ရာ မန်ကျည်းချောင်းအဝ နယ်ခြားစောင့်ရဲ ကင်းစခန်းသို့ သတင်းပို့ပြီး လှေတစ်စီးဖြင့် နတ်မြစ်ကမ်းခြေ တစ်လျှောက် ငါးဖမ်းရန် သွားခဲ့ပါသည်။ အဆိုပါ တံငါးသည်များသည် ထိုသို့ ငါးဖမ်းနိုင်ရန်အတွက် မောင်တောခရိုင် ငါးမွေးမြူးရေး ဦးစီးဌာနမှ ခွင့်ပြုချက် ရယူထားသူများလည်း ဖြစ်ကြပါသည်။ ည (၁၀)နာရီခန့် အချိန်၌ အမြန်ရေယာဉ်ဖြင့် ကင်းလှည့်နေသော မောင်တော P.O.E စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ပိုက်ချ၍ ငါးဖမ်းနေသော ထိုတံငါးသည်များကို တွေ့ရှိခဲ့ပြီး စစ်ဆေးခဲ့ရာ မြန်မာ့ ဆက်သွယ်ရေး MPT GSM ဖုန်းသုံးလုံးနှင့် ငါးရောင်းရငွေ နှစ်သိန်းခုနှစ်သောင်းကျပ် တို့ကို ရှာဖွေတွေ့ရှိခဲ့ကာ အဆိုပါ ဖုန်းများနှင့် ငွေများကို လုယူ သိမ်းဆည်းခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲများက အဆိုပါ တံငါးသည်များနှင့် ၎င်းတို့၏ လှေတစ်စီးလုံး တို့ကို ပိုက်စပ်တိုက်ရှာဖွေ စစ်ဆေးခဲ့ပြီး ဥပဒေနှင့်ဆန့်ကျင်သော မည်သည့်အရာမျှ မတွေ့ရှိခဲ့သော်လည်း တံငါးသည်သုံးဦးကို မဟုတ်မတရား စွပ်စွဲ၍ မညှာမတာ ထိုးကြိတ် ရိုက်နှက်ခဲ့ပြီး သေလုမျှောပါး ဖြစ်နေသည့် တံငါးသည်များကို မြစ်ထဲသို့ ပစ်ချလိုက်၍ နယ်ခြားစောင့်ရဲများ ပြန်သွားခဲ့ပါသည်။

ထိုးကြိတ်ရိုက်နှက်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည့် တံငါးသည်များမှာ -

(၁) ဦးအဒူလ်ဟာမိတ် (ဘ) ဦးရှုကူရ်
(၂) ဦးအီလီယာစ် (ဘ) ဦးအဒူလ်ဟာလိမ်
(၃) ဦးမာမူရော်ရှိတ် (ဘ) ဦးအဒူလ်ဟာလိမ် - တို့ဖြစ်သည်။

ထိုးကြိတ်ရိုက်နှက်ခံရပြီး သေလုမျှောပါး ဖြစ်နေသည့် တံငါးသည်များ၏ သတင်းကို ၎င်းတို့၏ ဆွေမျိုးသားချင်းများက အခြားသော တံငါးသည်များထံမှ ရရှိခဲ့ပြီးနောက် ဇွန်လ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် လိုက်လံ ရှာဖွေခဲ့ရာ နံနက် (၉) နာရီ အချိန်တွင် ကမ်းစပ်နား၌ ရှာဖွေ တွေ့ရှိခဲ့ကာ မောင်တောဆေးရုံသို့ ဆေးကုသရန် ခေါ်ဆောင် သွားစဉ် ဒဏ်ရာပြင်းထန်ခဲ့သည့် ဦးမာမူရော်ရှိတ် (ဘ) ဦးအဒူလ်ဟာလိမ်မှာ လမ်းတစ်ပိုင်းတွင် သေဆုံးသွားခဲ့သည်။

ဤသတင်းနှင့် ပတ်သက်၌ အသေးစိတ်ကို RB News ၌ ဇွန်လ(၂၂) ရက်နေ့တွင် ရေးသား တင်ပြခဲ့သော်လည်း [သတင်းဖတ်ရှုရန်- http://burmese.rohingyablogger.com/2016/06/poe.html ] အပြစ်မဲ့ တံငါးသည်များကို လူမဆန်စွာ ရိုက်နှက်ပြီး တံငါးသည်တစ်ဦး အသက်ဆုံးပါးသွားခဲ့သည့်အထိ ကျူးလွန်ခဲ့သော P.O.E စခန်းမှ နယ်ခြားစောင့်ရဲများကို မည်သည့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကမျှ အရေးမယူခဲ့သလို မတရား သတ်ဖြတ်ခံခဲ့ရသည့် တံငါးသည်၏ မိသားစုဝင်များကိုလည်း မည်သို့မျှ ကျေနပ်မှု မပေးခဲ့ပေ။ ထို့အပြင် ဤကိစ္စနှင့် ပတ်သက်၍ မောင်တောခရိုင်မှ အဖွဲ့အစည်း အားလုံး၏ အကြီးအကဲများက အထက် အာဏာပိုင် အဖွဲ့အစည်းများ ထံသို့ ဖန်တီး၍ တူညီသော အစီရင်ခံစာ တင်ပြရန် ဇွန်လ(၂၂) ရက်နေ့တွင် တွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်းလည်း သိရှိရပါသည်။

၂။ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌် NVC ကဒ်နှင့် ပတ်သက်ပြီး ဇွန်လ(၂၀) ရက်နေ့၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူးက ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသခံပြည်သူများထံက ငွေညှစ်ခြင်း၊ အနှောက်အယှက် ပေးခြင်း များရှိခဲ့လျှင် ၎င်းထံ တိုက်ရိုက်တင်ပြရန်နှင့် ထိုသို့ တင်ပြခဲ့လျှင် အမြန်ဆုံး အရေးယူပေးမည် ဖြစ်ကြောင်း စသည် တို့ကို ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်တို့ အဖွဲ့နှင့် မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ မြို့မိမြို့ဖ (၁၀၀) ဦးခန့်တို့၏ ရှေ့မှောက်တွင် အတိအလင်း ပြောကြားခဲ့သော်လည်း ယခုလို ဟိုလေးတကျော်ဖြစ်နေသည့် မတရား အသတ်ခံခဲ့ရသော တံငါးသည် ကိစ္စကိုမူ ယခုထိ မည်သို့မျှ တရားမျှတစွာ ကိုင်တွယ် ဖြေရှင်းပေးခဲ့ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ကွပ်ကဲရေးမှူးတစ်ဦးထံသို့ ကိုယ်တိုင်သွားရောက်ပြီး မိမိတို့ ခံခဲ့ရမှုကို အသိပေး တိုင်ကြားရေးသည် ဒေသခံ ပြည်သူများအတွက် လုပ်ဆောက်ရန် ခက်ခဲလှသော အလုပ်တစ်ခု ဖြစ်၍ ပြည်သူများအနေဖြင့် နယ်ခြားစောင့်ရဲများအပါအဝင် ဒေသခံအာဏာပိုင်များ၏ တရားလွန် ကျူးလွန်နေသည့် ဖြစ်ရပ်များကို RB News ကဲ့သို့ မီဒီယာမှတဆင့်သာ သက်ဆိုင်ရာ တာဝန်ရှိ အာဏာပိုင်များထံသို့ အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ တင်ပြသိစေခြင်း ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည်နယ်ဝန်ကြီးချုပ် အနေဖြင့် တရားဝင် ခွင့်ပြုချက်ရယူ၍ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းနေသည့် ဆင်ရဲသား တံငါးသည်များကို မညှာမတာ ရိုက်နှက်၍ သေလုမျှောပါး ဖြစ်နေသည့် အခြေအနေတွင် မြစ်ထဲသို့ ပစ်ချလိုက်ခဲ့သည့်အပြင် တံငါးသည် တစ်ဦး အသက်ဆုံးပါးသွားသည့်အထိ ကျူးလွန်ခဲ့သော မောင်တောမြို့နယ် P.O.E စခန်းမှ နယ်ခြားစောင့်နယ်များကို လိုအပ်သလို စီစစ် အရေးယူပေးပါရန်နှင့် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ လက်အောက်ခံ ကင်းစခန်းများ၏ ပြည်သူများအပေါ် နေ့စဉ်ရက်ဆက် ညှဉ်းပန်း နှိပ်စက် ရက်စက်နေမှု၊ ကင်းစခန်းဖြတ်ကျော်ခများ ကောက်ခံနေမှုများအပြင် အောက်ခြေအာဏာပိုင်များ၏ ပြည်သူများအပေါ် ဥပဒေမဲ့ ပေါ်ပေါ်တင်တင် ညှဉ်းပန်းနှိပ်စက်နေသည်ကို အရေးမယူဘဲရှိနေသည့် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးကိုလည်း လိုအပ်သလို ညွှန်ကြားချက်ပေးပါရန် အသတ်ခံခဲ့ရသည့် ဦးမာမူရော်ရှိတ် (ဘ) ဦးအဒူလ်ဟာလိမ်နှင့် အခြားသော မညှာမတာ ညှဉ်းပန်းရက်စက်ခံခဲ့ရသည့် တံငါးသည်များကိုယ်စား ကျွန်ုပ်တို့ မောင်တော ဒေသခံပြည်သူများက လေးစားစွာ တိုင်ကြားအပ်ပါသည်။

မောင်တောဒေသခံပြည်သူများ

Comment ရေးရန်

Rohingya Exodus