နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒါးပိုင်ဆရာ အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူ တို့က ဆက်လက်၍ ရမ်းကားပြီး ငွေညှစ်



RB News
28.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဒါးပိုင်ဆရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်လာမတ်အုလ္လာ သည် ဖောင်တော်ပြင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ရွာသားများ ထံမှ မတရားသဖြင့် ငွေညှစ်သည့် သတင်းကို ဇွန်လ (၂၁) ရက်နေ့က RB News တွင် ဖော်ပြခဲ့သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ဒါးပိုင်ဆရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်လာမတ်အုလ္လာက ငွေညှစ်ခံရသူ များကို ရုံးသို့ ဆင့်ခေါ်၍ ငွေညှစ်ခံရသည်မှာ မမှန်ကန်ကြောင်း အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းကြောင်း သိရှိရသည်။ လက်မှတ်မထိုးသူ များကို တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ပို့ဆောင်၍ ညှဉ်းပန်းနှိပ်စက်မည်ဟု ခြိမ်းခြောက်ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထို့အပြင် ၎င်းက “RB News ကိုကြောက်နေတဲ့ လူမဟုတ်ဘူး၊ ငါလုပ်စရာရှိတာ လုပ်သွားမှာဘဲ” ဟု ပြောဆိုကြောင်း ဒေသခံများက ဆိုသည်။ တာဝန်ဖြင့် ပြောင်းရွှေ့ သွားသော ယခင် မြို့နယ် အုပ်ချုပ်ရေးမှူးကို ငွေကျပ် သိန်း (၆၀) ပေးရမည်ဟု ဆိုကာ ဇွန်လ (၂၁) ရက်နေ့မှ စ၍ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံမှ ငွေညှစ်ခဲ့ကြောင်း သိရှိရသည်။

ငွေညှစ်ခံရသူ များမှာ --

(၁) ဒေါ်မာဘီယာခါတူ (ဘ) ဦးအာမိရ်ဟမ်ဇား (သမီး၏ လက်ထပ်ခွင့် ကိစ္စနှင့် ပတ်သက်၍ ငွေကျပ် နှစ်သိန်း ညှစ်ခံရ) -- ဒါးပိုင်ဆရာရွာမှ

(၂) ဦးအာဘူဆွေယာဒ် (ဘ) ဦးဟာဒိရ်ဘောက်ရှုး (လက်ထပ်ခွင့် ကိစ္စနှင့် ပတ်သက်၍ ငွေကျပ် ၅ သောင်း ညှစ်ခံရ) -- ဒါးပိုင်ဆရာရွာမှ

(၃) ဦးအဒူမာဘုတ် (ငွေကျပ် ၅ သောင်း ညှစ်ခံရ) -- ဂေါ်နီရွာမှ

(၄) ဦးမာမတ်ဟာရွန် (ဘ) ဦးအာမိရ်ဟမ်ဇား (အိမ်တွင်းပြဿနာကို အကြောင်းပြု၍ ငွေကျပ် ၅ သိန်း ညှစ်ခံရ) -- ဒါးပိုင်ဆရာရွာမှ

(၅) ဦးမိုဟာမတ်ရီယာစ် (ဘ) ဦးဘော်ရှီရာမတ် (အိမ်တွင်းပြဿနာကို အကြောင်းပြု၍ ငွေကျပ် ၂ သိန်း ညှစ်ခံရ) -- စေတီပြင်ရွာမှ -- တို့ဖြစ်သည်။

အုပ်ချုပ်ရေးမှူး ဦးဆော်လာမတ်အုလ္လာသည် ငွေညှစ်ရာတွင် ၎င်း၏ သားဖြစ်သူကိုလည်း အသုံးချပြီး၊ အုပ်ချုပ်ရေးမှူး၏ အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်ကာ နေ့စဉ်နှင့် အမျှ မိမိ၏ ကျေးရွာသားများကို ဒုက္ခပေးလျက် ရှိသဖြင့် အထက်အာဏာပိုင် များက အမြန်ဆုံး စီစစ်၍ အရေးယူပေးပါရန် ဒေသခံများက RB News မှတဆင့် တောင်းဆိုသည်ဟု ပြောပါသည်။

Comment ရေးရန်

Rohingya Exodus