နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသားများထံမှ ငွေညှစ်



MYARF
RB News
21.6.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာ တာဝန်ခံ (အုပ်ချုပ်ရေးမှူး) ဦးဟာလဲစ်အာမတ်သည် နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ရိုဟင်ဂျာ ရွာသား တစ်ဦးထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၂၁) ရက်နေ့ နေ့လည် ၁ နာရီ အချိန်ခန့်တွင် ကျောက်ပြင်ဆိပ် ကျေးရွာမှ ဦးရှေခ်အာမတ် (ဘ) ဦးနော်ဘီဟူစိန်းနှင့် ဦးရော်ဖိတ် (ဘ) ဦးမုစ်တော်ဖိစ် တို့နှစ်ဦးသည် ကျောက်ပြင်ဆိပ် တောင်ရွာရှိ အသုဘတစ်ခုမှ ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာနေစဉ် ယင်းကျေးရွာရှိ သင်္ချိုင်းနားတွင် ကစားနေသည့် ဦးအာဘူလ်ဘော်ရှော်ရ် (ဘ) ဦးအဒူရှကူရ်၏ ကလေးတစ်ဦးကို ၎င်းတို့၏ ဆိုင်ကယ်ဖြင့် အနည်းငယ်မျှ ထိမိခဲ့သည်။ ထိုသို့ ထိမိသည်ကို အကြောင်းပြ၍ ဆိုင်ကယ်နှင့် ထိမိသော ကလေး၏ ဖခင်ဖြစ်သူ ဦးအာဘူလ်ဘော်ရှော်ရ် က ကျေးရွာ အုပ်ချုပ်ရေးမှူးထံ တိုင်တန်းခဲ့ရာ အုပ်ချုပ်ရေးမှူးက ယင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းခစန်းမှ တပ်ဖွဲ့ဝင် (၃) ဦးကို ချက်ချင်း ခေါ်လာပြီး ဦးရော်ဖိတ်ကို အုပ်ချုပ်ရေးမှူး ရုံးသို့ ဖမ်းဆီး ခေါ်ဆောင် စေခဲ့သည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးက ညနေ (၄) နာရီ အချိန်တွင် ဦးရော်ဖိတ်ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ညှစ်ယူခဲ့သည့် ငွေကျပ် နှစ်သိန်းကို အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများ ဝေစုခွဲ ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ လွန်ခဲ့သည့် ဇွန်လ (၁၇) ရက်နေ့တွင် ကျောက်ပြင်ဆိပ် ကျေးရွာမှ ဦးအိုမောရ်ဟမ်ဇာ (ဘ) ဦးအာမိရ်ဘေခ်ရှု (အသက် ၄၅ နှစ်) ၏ ကလေးများနှင့် ယင်းကျေးရွာမှ ဒေါ်မော်ဂျူနာ (ဘ) ဦးဒူဒူမျာ၏ ကလေးများ ကစားနေကြစဉ် အချင်းချင်း စကားများခဲ့ရာ ဒေါ်မော်ဂျူနာက ဦးအိုမောရ်ဟမ်ဇာ၏ ကလေးများက ၎င်း၏ ကလေးများကို တဖက်သတ် ရိုက်နှက်ခဲ့သည်ဟု မဟုတ်မမှန် ချဲ့ထွင်၍ အုပ်ချုပ်ရေးမှူးထံ တိုင်တန်းခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးမှူးက တစ်စုံတစ်ရာ စုံစမ်းခြင်း မပြုလုပ်ဘဲ ဦးအိုမောရ်ဟမ်ဇာကို ရုံးသို့ ဆင့်ခေါ်ပြီး ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။

ထိုကဲ့သို့ အကွက်ရှာ၍ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာ အာဏာပိုင်များက အချိန်မှီ ဟန့်တား အရေးယူ ပေးပါရန် ဒေသခံများက တောင်းဆိုကြောင်း RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus