နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောင်းပြောင်းရွှေ့သည့် ကျောင်းသား/သူ များကို ညောင်ချောင်း အ.ထ.က မှ လက်မခံ



MYARF
RB News
12.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ယူရန် ရောက်ရှိလာသည့် အထက်တန်း၊ အလယ်တန်း အဆင့် ကျောင်းသား/သူ အသစ်များကို ကျောင်းအုပ်ဆရာကြီးက လက်ခံရန် ငြင်းဆိုလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ညောင်ချောင်း အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဖြစ်သူသည် ယခု ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် အခြားကျောင်းများမှ TC ကျောင်းထွက်လက်မှတ်ဖြင့် ပြောင်းရွှေ့လာသည့် ရိုဟင်ဂျာ ကျောင်းသား/သူသစ် များကို နေရာလပ်မရှိဟု ဆိုကာ လက်ခံရန် ငြင်းဆိုနေသဖြင့် ကျောင်းသား/သူ အများအပြားမှာ ကျောင်းနားလိုက်ရတော့မည် အခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ကျောင်းသား/သူ အချို့ကို ငွေကျပ် နှစ်သောင်း ပေးလျှင် လက်ခံမည်ဟု ကျောင်းအုပ်ဆရာကြီးက ပြောဆိုကြောင်း ကျောင်းသားမိဘ အချို့က ပြောသည်။ ယင်းကျောင်းတွင် ပညာသင်ယူရန် ပြောင်းရွှေ့လာသော ကျောင်းသား/သူ များမှာ အခြား အထက်တန်းကျောင်း တစ်ခုခုသို့ သွားရောက် ပညာဆည်းပူးရန်လည်း ငွေကြေးအရ မတတ်နိုင်သဖြင့် ယင်းကျောင်းတွင် မတက်နိုင်ပါက ပညာဆည်းပူးရန် ရောက်ရှိလာသော ရာနှင့်ချီသည့် ကျောင်းသား/သူများ ကျောင်းတက်ခွင့် ဆုံးရှုံး၍ ကျောင်းနားလိုက်ရတော့မည် ဖြစ်သောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။

ပြည်သူပြည်သားများ၏ ပညာရည်မြင့်မားရေးနှင့် ရခိုင်ပြည်နယ်၏ ပညာရေး မြှင့်တင်ရေး ရည်မှန်းချက်နှင့် အညီ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး ကဏ္ဍများတွင် ပညာရေးကို ဦးစားပေး ဆောင်ရွက်နေသည့် ဦးဆောင် လှုပ်ရှားသူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရိုဟင်ဂျာလူမျိုးများ၏ ပညာရေး အတွက် လေးလေးနက်နက် စဉ်းစားပေးပါရန်၊ ဆရာ/မ များက အစ ပညာရေးဝန်ကြီးဌာန ၀န်ကြီးက အဆုံး ဌာနစုံမှ နှိမ်ချ၍ ဆက်ဆံနေသော ရိုဟင်ဂျာ ကျောင်းသား/သူ များ၏ ပညာရေး လမ်းကြောင်းများ အထူးသဖြင့် အဆင့်မြင့် ပညာ သင်ယူဆည်းပူးခွင့် များကို ပြန်လည် ဖွင့်လှစ်ပေးရန် ဒေသခံများက အထူး မေတ္တာရပ်ခံကြောင်း RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus