နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖားဝပ်ချောင်း လူသတ်မှုနှင့် မဆိုင်သူများကို ခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိ



MYARF
RB News
7.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ်နှင့် လှဖိုးခေါင် ကျေးရွာများတွင် ပြင်ဖြူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ (၆) ၏ သတင်းပေး ဦးလှဘော် ဆိုသူက ဖားဝပ်ချောင်း လူသတ်မှုကို အမြတ်ထုတ်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များထံမှ ငွေညှစ်နေသည်ဟု သတင်း ရရှိပါသည်။

“အဲဒီ ဒေသမှာ ရှိတဲ့ မရှိဆင်းရဲသား ရိုဟင်ဂျာများက သူတောင်းတဲ့ငွေ မပေးလို့ရှိရင် လူသတ်မှု တရားခံ ဒါမှမဟုတ် အားပေးသူ စာရင်း တစ်ခုခုမှာ ပါသွားမှာကို စိုးရိမ်ပြီး လက်ဝတ်လက်စားတွေ၊ လယ်ယာမြေတွေ ပေါင်နှံ ရောင်းချပြီး သူ့ကို ပေးနေရတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ကျောက်ပြင်ဆိပ် ကျေးရွာမှ ဦးလှဘော် (ဘ) ဦးအီဆက် (အသက် ၃၅ နှစ်) သည် ကျောက်ပြင်ဆိပ်နှင့် လှဖိုးခေါင် ကျေးရွာများ၏ အနောက်ဘက်ခြမ်း ဒေသရှိ အိမ်တိုင်းသို့ သွားရောက်၍ ဖားဝပ်ချောင်း လူသတ်မှုနှင့် ခြိမ်းခြောက်၍ ငွေညှစ်နေကြောင်း၊ ထိုသို့ ငွေညှစ်နေခြင်းမှာ ပြင်ဖြူ စခန်းတာဝန်ခံ ရဲမှူး၏ မှာကြားချက် အရ ဖြစ်သည်ဟု ၎င်းက ပြောကြောင်း၊ အိမ်တိုင်းရာရောက် ငွေညှစ်ရာတွင် ၎င်းနှင့် အတူ လှဖိုးခေါင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ဖွဲ့ဝင် တစ်ဦးလည်း ပါလာကြောင်း ဒေသခံများက ပြောပါသည်။

လွန်ခဲ့သည့် မေလ (၂၄) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်ခန့်တွင် ဖားဝပ်ချောင်း ကျေးရွာမှ ရ.ယ.က ဥက္ကဌဟောင်း ဦးကော်ဘိရ်အာမတ် (ဘ) ဦးဆိဒိတ် (အသက် ၅၂ နှစ်) သည် ဖားဝပ်ချောင်း ရခိုင်ရွာတွင် ရှိသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င် ရပ်မိရပ်ဖများနှင့် အတူ စကားပြောနေစဉ် မိုးကာ အင်္ကျီဝတ်၍ မျက်နှာဖုံးတပ်ထားသော သေနတ်သမား လူစိမ်း နှစ်ဦးက မော်တော်ဆိုင်ကယ် တစ်စီးဖြင့် ရုတ်တရက် ရုံးသို့ စီးဝင်၍ ဦးကော်ဘိရ်အာမတ်အား ပစ်မှတ်ထားကာ သေနတ်ဖြင့် (၃) ချက်တိတိ ပစ်ခတ်ခဲ့သည်။ ဦးကော်ဘိရ်အာမတ်သည် ထိုနေရာတွင်ပင် ကျည်ဆံထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ သေနတ်သမား နှစ်ဦးသည် သေနတ်ပစ်ပြီးသည်နှင့် ဆိုင်ကယ်ပေါ်တက်၍ မောင်တော - ကြိမ်ချောင်း လမ်းမတစ်လျှောက် ဆိုင်ကယ် မောင်းနင်း၍ ကြိမ်ချောင်းဘက်သို့ ထွက်ပြေး သွားခဲ့သည်။ မိုးကာ အင်္ကျီဝတ် လူစိမ်း သေနတ်သမား နှစ်ဦးသည် ကံပြင် (ရခိုင်ရွာ) မှ သွားနေသည်ကို လမ်းတစ်လျှောက် သွားလာနေသည့် ဒေသခံ ရိုဟင်ဂျာများက မြင်တွေ့ခဲ့ကြောင်း ပြောဆိုနေကြသည်။ ထို့အပြင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာသို့ ဖုန်းဆက် တိုင်ကြားခြင်း မပြုရန် တားဆီးခံရသည့် အပြင် နီးစပ်ရာ ဖားဝပ်ချောင်းမှ နယ်ခြားစောင့်ရဲ များကလည်း လာရောက် စစ်ဆေးခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမနှင့် ကျောက်ပြင်ဆိပ် ကျေးရွာများမှ ကျေးရွာ တာဝန်ခံများ အပါအ၀င် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ အချို့ကို ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ မေလ (၂၇) ရက်နေ့တွင် ဖမ်းဆီး ချုပ်နှောင်၍ ငွေကျပ် သန်းပေါင်းများစွာ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

Comment ရေးရန်

Rohingya Exodus