နောက်ဆုံးသတင်း/ဆောင်းပါးများ

NVC ကဒ်အတွက် စည်းရုံးရန် မောင်တော မြို့မိမြို့ဖ များကို အစည်းအဝေး ခေါ်ထား



RB News
19.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်ရှိ ဒေသခံ ရိုဟင်ဂျာများကို နိုင်ငံတော်အစိုးရက NVC ကဒ်များ ပေးရန် ကြိုးစားလျက်ရှိရာ မောင်တော မြို့နယ်မှ မြို့မိမြို့ဖ (၁၀) ဦးကို ဇွန်လ (၂၀) ရက်နေ့တွင် အစည်းအဝေး ခေါ်ယူထားကြောင်း သတင်း ရရှိပါသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် နိုင်ငံသား စီစစ်မည်ဟု အစိုးရမှ ကြေညာထားသော်လည်း အမှန်တကယ်တွင် နိုင်ငံသား ဥပဒေ၌ မပါရှိသည့် နိုင်ငံသား စီစစ်ခံယူမည့်သူ၏ သက်သေခံကဒ်ပြားဟု ဆိုကာ NVC ကဒ်များ ထုတ်ပေးရန် ကြိုးစားလျက် ရှိပြီး၊ မြေပုံနှင့် ကျောက်ဖြူ မြို့နယ်များတွင် ဥပဒေ ဗဟုသုတ နည်းပါးသူ အချို့ လက်ခံ ရယူခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဥပဒေ၌ မပါရှိသည့် ကဒ်များ ထုတ်ပေးခြင်းကို ဒေသခံ ရိုဟင်ဂျာများ သိရှိသွားပြီး မည်သည့် အရပ်ဒေသတွင်မှ ဆက်လက်၍ လက်ခံ ရယူခြင်း မရှိတော့သည်ကို တွေ့ရသည်။

စစ်တွေမြို့၌ လွန်ခဲ့သည့် ရက်ပိုင်းတွင် ပြည်နယ် လ.၀.က ဦးစီးမှူး ကိုယ်တိုင် စည်းရုံးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခုအခါ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာများကို စည်းရုံးရန် အတွက် ရပ်ကွက် (၆) ခုမှ မြို့မိမြို့ဖ (၁၀) ဦးကို ဇွန်လ (၂၀) ရက်နေ့တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမတွင် အစည်းအဝေး တစ်ရပ် တက်ရောက်ရန် ခေါ်ထားကြောင်း ဒေသခံများက RB News သို့ပြောသည်။

မည်သို့ပင်ဆိုစေကာမူ ယခုအစိုးရသစ်မှ ယခင် အစိုးရ ကဲ့သို့ ဥပဒေတွင် မပါရှိသည့် ကဒ်တစ်မျိုး ထုတ်ပေးနေခြင်းကို လက်ခံသွားမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာများ အနေဖြင့် မွေးရာပါ နိုင်ငံသား အခွင့်အရေး ရှိပြီး၊ ယခင်ကလည်း တိုင်းရင်းသားများ တန်းတူ အမျိုးသားမှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင်ခဲ့သူ ဖြစ်သည့် အတွက် တန်းတူ အခွင့်အရေးကိုသာ လိုလားကြောင်း၊ NVC ကဒ်များကို လက်ခံရန် စည်းရုံးလျှင်လည်း အချည်းနှီးသာ ဖြစ်မည် ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus