မောင်တောမှ ဒေသခံ ရိုဟင်ဂျာများကို NVC ကဒ်ယူရန် စည်းရုံးမှု မအောင်မြင်
MYARF
RB News
20.6.2016
NVC ကဒ် ကိုင်ဆောင်ရန် စည်းရုံးရေးဆင်းသူ များက မောင်တော မြို့ဖိမြို့ဖများ၏ မေးခွန်းများကို သေချာစွာ ဖြေကြားနိုင်ခြင်းမရှိ၊ ၎င်းတို့၏ စည်းရုံးမှုလည်း မအောင်မြင်
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ယနေ့ ဇွန်လ (၂၀) ရက်နေ့၊ နံနက် ၉ နာရီခွဲခန့် အချိန်တွင် ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင် တို့နှင့် အဖွဲ့က မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ မြု့မိမြို့ဖ (၁၀၀) ဦးခန့်နှင့် တွေ့ဆုံ၍ NVC ကဒ်နှင့် ပတ်သက်ပြီး အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။
အဆိုပါ အစည်းအဝေးတွင် ဗိုလ်မှူးကြီးထိန်လင်းက --
"အထောက်အထားမဲ့ ဖြစ်နေတဲ့ ခင်ဗျားတို့ ရခိုင်ပြည်နယ်က မူဆလင်တွေကို NVC ထုတ်ပေးမယ်။ ဒါက ပထမအဆင့် အနေနဲ့ ခင်ဗျားတို့ကို အထောက်အထား တစ်ခု အဖြစ် ပေးနေခြင်း ဖြစ်တယ်။ ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွန်မှာကြားချက်အတိုင်း ဒီကဒ်ကို ထုတ်ပေးရတာ ဖြစ်တယ်။ အထူးသဖြင့် ခင်ဗျားတို့ မူဆလင်တွေကိုလည်း ကိုယ့်မိသားစုသဖွယ် သတ်မှတ်တာမို့ ကူညီစောင့်ရှောက်ဖို့ ဒီနေ့ ရောက်လာပြီး ပြောပြရတာဖြစ်တယ်။ NVC ကဒ် ကိုင်ဆောင်ရင် ခင်ဗျားတို့ရဲ့ ပြဿနာအရပ်ရပ်တွေ ပြေလည်သွားဖို့ လမ်းစပွင့်လာမယ်" စသော အချိုသတ် စကားမျိုးကို ပြောကြားခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ တစ်ဦးက RB News သို့ပြောသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က--
"၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားစီစစ်ရေးကိစ္စ အကောင်အထည် ဖေါ်ဆောင်ရွက်ရာမှာ NVC ကဒ်ဟာ ပထမအဆင့်ခြေလှမ်းသာဖြစ်တာမို့ ခင်ဗျားတို့အနေနဲ့ ဒီ NVC ကဒ်ကို လက်ခံသင့်တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရကို ယုံကြည်ကြပါ" စသည်ဖြင့် အကျယ်တ၀န့် ပြောကြားခဲ့ကြောင်း အဆိုပါ အစည်းအဝေး တက်ရောက်ခဲ့သူက ပြောပါသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် မောင်တောမြို့နယ်၊ ကညင်တန်း(မြို့မ)ကျေးရွာမှ အထက်တန်းပြ အငြိမ်းစား ကျောင်းဆရာဖြစ်သူ ဦးဆုလ်တာန်က -
"အခုနက နယ်လုံဝန်ကြီး ပြောခဲ့တဲ့အထဲမှာ အထောက်အထားမဲ့ ရခိုင်ပြည်က မူဆလင်တွေ ဆိုပြီး စကားလုံးတွေ ပါခဲ့တာ ကျနော် ရိပ်မိပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာပြည်တစ်နိုင်ငံလုံးက လူတွေ ရလာတဲ့ အထောက်အထားတိုင်း ကျနော်တို့ လူတွေလည်း ရခဲ့တာပဲ။ ပြီးတော့ နှစ်စဉ် နှစ်တိုင်းလည်း အနည်းဆုံး နှစ်ကြိမ် စီစစ်တဲ့ အထောက်အထားတွေ အကုန်ရှိတယ်။ ဒီတော့ အထောက်အထားမဲ့ ရခိုင်ပြည်က မူဆလင်တွေ ဆိုတာကရော ဘာကို ဆိုလိုတာပါလဲ။ ဒီတစ်ချက် ဦးစွာ သိချင်ပါတယ်။
ပြီးတော့ သမိုင်းကြောင်းအရ ဒီဒေသရဲ့ မူလဘူတ ဖြစ်တဲ့ ကျနော့်တို့ လူတွေမှာ ဒီ နိုင်ငံသားစီစစ်ခံရမယ့် ကဒ်ပြားလို အကျပ်ကိုင် NVC ကဒ်ကို လက်ခံစရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် နိုင်ငံတော် ဘဏ္ဍာငွေတွေကို အလာဟသ မဖြုန်းတီးပါနဲ့ လို့ပဲ ပြောပါရစေ" ဆိုပြီး ပြောကြားခဲ့သောအခါ နယ်လုံဝန်ကြီးက အထောက်အထားမဲ့ ရခိုင်ပြည်က မူဆလင်တွေ ဆိုတာ ပဋိပက္ခတုန်းက မိမိတို့ အထောက်အထားတွေ မီးထဲပါသွားတဲ့ လူတွေကိုပဲ ဆိုလိုခဲ့တာပါလို့ ရှေ့နောက်မညီ ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေး တက်ရောက်ခဲ့သူများထဲမှ ဟာဘီရွာသား ဦးဇာကဲရ်ဆိုသူက "ကျနော် ရိုဟင်ဂျာလူမျိုး ဦးဇာကဲရ်ပါ။ ကျနော်တို့ လူတွေက နိုင်ငံသားဖြစ်ထိုက်တဲ့ အထောက်အထားတွေ ပိုင်ဆိုင်နေကြသူတွေပါ။ အဲ့လို လူတွေကို ဘယ်ဥပဒေအရ ထုတ်ပေးတာလဲတောင်မသိတဲ့ NVC ကဒ်တွေ ကိုင်ဆောင်ပါ ပြောနေတာကိုတော့ သိပ်ဘဝင်မကျပါဘူး။ ဒါက တစ်ချက်။ နောက်တစ်ချက်က ကျနော်တို့ကို ၁၉၈၂ ဥပဒေ နဲ့ စီစစ်မယ်တော့ ပြောနေပြီပေါ့နော် ... အဲ့ဒီ ၁၉၈၂ နိုင်ငံသားဥပဒေထဲက ဘယ်အပိုင်းနဲ့ ဘယ်ပုဒ်မနဲ့ စီစစ်မှာလဲ ဆိုတာလဲ သိချင်ပါတယ်" လို့ မေးလိုက်တဲ့အခါ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က သူလည်း ဒီအချက်ကို ယခုအချိန်ထိ သေချာစွာ မသိရှိရသေးကြောင်း ဆိုပြီး ဖြေကြားပုံမှာ အလွန်ပင် ဘဝင်မကျစရာ တစ်ခုထဲက ဖြစ်နေကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများက ဝေဖန်ပြောဆိုနေကြသည်။
ထို့နောက် မောင်တောမြောက်ပိုင်း သက်ကိုင်ညာမှ ဦးမူဟိဘူလာက --
"ခင်ဗျားတို့က ဒီအစိုးရကို ယုံပါပြောနေကြတယ်။ ကျနော်တို့က အမျိုးသားမှတ်ပုံတင်ကဒ် ကိုင်ခဲ့သူတွေ၊ ကိုင်နေဆဲ လူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က ကိုင်ဆောင်ခဲ့တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ကို အစိုးရတစ်ရပ်က သိမ်းလိုက်ပြီး နောက်ထပ် ကဒ်တစ်ခု ထုတ်ပေးတယ်။ နောက်အစိုးရတစ်ရပ် တက်လာတယ်။ အရင်အစိုးရ ထုတ်ပေးတဲ့ဟာတွေ တရားမဝင်ဖြစ်သွားပြန်ရော့။ အစိုးရတစ်ရပ်က ထုတ်ပေးတဲ့ကဒ်တွေ နောက်တက်လာတဲ့အစိုးရက သိမ်းလိုက်၊ သူတို့တစ်မျိုး ထုတ်ပေးလိုက် ပုံစံနဲ့ဆိုရင် အခုထုတ်ပေးနေတဲ့ NVC ကဒ်အတွက်လည်း ဘာအာမခံချက်ရှိလဲပေါ့။ ဒီအစိုးရသက်တမ်း (၅)နှစ် ကုန်သွားပြီး နောက်အစိုးရတစ်ရပ်တက်လာရင် ဒီ NVC ကဒ်လည်း တရားမဝင်ကဒ်ပဲ ဖြစ်သွားမယ့် သဘောပေါ့။ ဒီပုံစံနဲ့ဆို ဘယ်လိုလုပ်မလဲ" ယုတ္တိရှိရှိ မေးခွန်းထုတ်ခဲ့မှုကို ရောက်ရှိလာတဲ့ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ယုံကြည်ပါလို့ပဲ ယုတ္တိမရှိ ပြန်ဖြေခဲ့ပါတယ်။
နောက်ဆုံးတွင် ၁၉၉၀ ရွေးကောက်ခံ လွှတ်တော်အမတ် ဖြစ်သည့် အမျိုးသား ဒီမိုကရက်တစ် လူ့အခွင့်အရေးပါတီမှ ဦးဖော်ဇောလ်အမတ်က- "ကျနော်တို့ဟာ ခေတ်အဆက်ဆက်မှ မဲပေးပိုင်ခွင့်၊ အရွေးခံပိုင်ခွင့် ရရှိခဲ့ပြီး ဝန်ကြီးတောင် ဖြစ်နိုင်ခဲ့သူတွေပါ။ ကျနော်တို့ လူတွေ နိုင်ငံ့ဝန်ထမ်း ဖြစ်နိုင်ခဲ့တယ်။ နိုင်ငံသားဖြစ်မှ နိုင်ငံ့ဝန်ထမ်း ဖြစ်နိုင်တာပါ။ အခုက နိုင်ငံဝန်ထမ်းတွေကိုလည်း ဖြုတ်၊ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် အရွေးခံပိုင်ခွင့်လည်း မပေး၊ အခုနောက်ဆုံးမှာ လာပြီး ဒီ NVC ကဒ်ထုတ်ပေးပြီး ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ စီစစ်ရတဲ့အထိ လုပ်လာတယ်ပေါ့နော်။ အမျိုးသားမှတ်ပုံတင်ကဒ် ကိုင်ပြီး အခြားတိုင်းရင်းသားတွေလို တန်းတူရည်တူ အခွင့်အရေးရရှိခဲ့သူတွေကို ဘာလို့ တစ်ဖန် စီစစ်နေရတာလဲ" ဟု မေးခွန်း ထုတ်ခဲ့သော်လည်း ရောက်ရှိလာသည့် နယ်လုံဝန်ကြီးတို့အဖွဲ့က မည်သို့မျှ ယုတ္တိဆန်သော အဖြေမျိုးကို မပေးနိုင်ခဲ့ပေ။ "အရင်အစိုးရ မဟုတ်ပါ။ ဒီအစိုးရကို ယုံကြည်ပါ" လိုသာ ထပ်တလဲလဲ ပြောကြားခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူများက ပြောပါသည်။
အစည်းအဝေးပြီးသွားသည့် အခါ Group discussion ပုံစံမျိုးနှင့် ဆက်လက်ဆွေးနွေးရာတွင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ယခုကဲ့သို့ NVC ကဒ် ထုတ်ပေးခြင်းဖြင့် နိုင်ငံသားစီစစ်ခြင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ မူဝါဒဖြစ်ကြောင်း ပြောပြရာ အထက်ပါ ဆွေးနွေးခဲ့သူ အငြိမ်းစား အထက်တန်းပြ ကျောင်းဆရာ ဒီမိုကရေစီနိုင်ငံတော်၏ မူဝါဒများသည် ပြည်သူများ၏ ဆန္ဒအတိုင်းသာ ဖြစ်သင့်ကြောင်း၊ ဗဟိုအစိုးရ၏ ယခုကဲ့သို့ ပြည်သူများ၏ ဆန္ဒမပါရှိဘဲ မူဝါဒချမှတ်ခြင်းမှာ လုံးဝမှားယွင်းနေကြောင်း ပြောဆိုခဲ့သည်။
နောက်ဆုံးအနေဖြင့် ဗိုလ်မှူးကြီး ထိန်လင်းက NVC ကဒ်ကို အတင်းအဓမ္မနည်းဖြင့် ထုတ်ပေးမည် မဟုတ်ကြောင်း၊ NVC ကို လက်ခံမည့်သူလည်း ရှိသည်ဟု ယူဆကြောင်း၊ ထို့ကြောင်း ခင်ဗျားတို့ လက်မခံသူများအနေဖြင့် NVC ကဒ် လက်ခံမည့်သူများကို သွားရောက် စည်းရုံးခြင်း မပြုလုပ်ရန် မှာကြားချင်ကြောင်းဟု ပြောဆိုကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ တစ်ဦးက RB News သို့ပြောပါသည်။
အစည်းအဝေး မတက်ရောက်ခဲ့သည့် မောင်တောမြို့နယ်မှ ခေတ်ပညာတတ် လူငယ်တစ်ဦးက -
"နယ်လုံဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ယုံကြည်ပါ လို့ နှုတ်ဖြင့်သာ ပြောနေတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ထိုးပေးတဲ့ NLD ပါတီဝင်ကဒ်ပြားမှာတောင် ရိုဟင်ဂျာ လူမျိုးလို့ ရေးထားတာကို အခုကျတော့ NLD က ငြင်းပယ်နေတယ်လေ။ ဒီနေရာမှာ ကိုးကွယ်တဲ့ ဘာသာကပဲ အဓိက စကားပြောနေတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မနေ့က ဝင်လာတဲ့ ရခိုင်တွေ အတွက်ကျတော့ ဘာ ၈၂ ဥပဒေမှ မရှိဘူး။ သူတို့က ဗုဒ္ဓဘာသာကိုးကွယ်တာကို .. ။

ရိုဟင်ဂျာအရေးကို ဒီအစိုးရမှာ အမှန်တကယ် ကိုင်တွယ် ဖြေရှင်းချင်တယ် ဆိုလို့ ရှိရင် အမှန်တရားကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ရဲရမယ်။ ရိုဟင်ဂျာ ပြောနေသူတွေကို ခေါ်ပြီး သမိုင်းကြောင်းအရ ဖြေရှင်းချက်ပေးခိုင်းပေါ့။ တစ်ဖက်က ရိုဟင်ဂျာကို လက်မခံဘူး ပြောပြီး ဘင်္ဂလီလို့ စွပ်စွဲနေသူတွေကိုလည်း ဒီလူတွေ တကယ် ခိုးဝင်လာခဲ့တာဖြစ်ကြောင်း အထောက်အထား ပြခိုင်းပေါ့။ ကြားကနေ နှစ်ဖက်စလုံးရဲ့ ဖြေရှင်းချက်ထဲက အမှန်တရားကို အစိုးရက ရဲရဲဝံ့ဝံ့ တရားဝင် ဖော်ထုတ်ပေးပေါ့။ ပြဿနက ပြီးပြီ။ ဒီဟာတွေ လုပ်မယ့်အစား တစ်ဖက်သားကို လက်နက်အားနဲ့ ဖိအားပေးပြီး မတရားသဖြင့် အတင်းအဓမ္မ ကဒ်တွေ ထုတ်ပေးဖို့ ဟန်ပြင်နေတာကတော့ ဒီအစိုးရကလည်း လူ့အခွင့်အရေး လူနည်းစုအခွင့်အရေးကို ချိုးဖောက်နေတာပဲလို့ ပြောချင်ပါတယ်။" ဟု ဝေဖန်ပြောဆိုသည်။