နောက်ဆုံးသတင်း/ဆောင်းပါးများ

အောင်မင်္ဂလာနှင့် သက္ကေပြင် တို့မှ ရိုဟင်ဂျာများ NVC ကဒ် ထုတ်ယူခြင်း မရှိ



RB News
21.6.2016

စစ်တွေ ။ ။ ယနေ့ ဇွန်လ (၂၁) ရက်နေ့တွင် လ.၀.က နှင့် ရဲတပ်ဖွဲ့ဝင် များသည် စစ်တွေမြို့နယ် အောင်မင်္ဂလာ ရပ်ကွက်သို့ ရောက်ရှိလာပြီး တနေကုန် စောင့်ဆိုင်းခဲ့သော်လည်း အောင်မင်္ဂလာ ရပ်ကွက်ရှိ ရိုဟင်ဂျာ တစ်ဦးတစ်ယောက်မှ NVC ကဒ် ထုတ်ယူခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အောင်မင်္ဂလာမှ ရပ်ကွက်သူ/သား တစ်ဦး တစ်ယောက်မှ ထုတ်ယူခြင်း မရှိသောကြောင့် နောက်ဆုံးတွင် ပြည်နယ် လ.၀.က မှူး ဦးဝင်းလွင်က အောင်မင်္ဂလာ ရပ်ကွက်မှ ရပ်မိရပ်ဖ ဦးရွှေလှကို ခေါ်ယူ၍ “မင်းတို့ အောင်မင်္ဂလာ ရပ်ကွက်က လူတွေ တော်တော်ခေါင်းမာတယ်၊ ငါတို့ တနေကုန် ထိုင်စောင့်နေတာတောင် ဘယ်သူမှ ကဒ်ထုတ်ယူဖို့ မလာဘူး။ မင်းတို့ဟာ IS ကို အားကိုးပြီး ခေါင်းမာနေတာလား၊ မင်းတို့ ဒုက္ခရောက်ရင် IS လာကယ်မလား” ဟု လုပ်ကြံ ပြောဆိုပြီး အောင်မင်္ဂလာ ရပ်ကွက်မှ ထွက်ခွာသွားခဲ့သည်။

တစ်ဖန် နေ့လည် (၃) နာရီ အချိန်တွင် ဦးဝင်းလွင်က ဦးသိန်းစိန်ခေတ်က ရိုဟင်ဂျာ အချို့ ရန်ကုန်သွားရန် ပုံစံ (၄) လုပ်ရာတွင် အောင်မင်္ဂလာ လိပ်စာဖြင့် လုပ်ခဲ့သည့် နှစ်နှစ် သက်တမ်းရှိ အစိမ်းကဒ်များ၏ ဖိုင်များကို ယူဆောင်လာကာ အောင်မင်္ဂလာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်တင်လှိုင်ကို ခေါ်ယူ၍ ကာယကံရှင်များကို ခေါ်ခိုင်းခဲ့သည်။ အုပ်ချုပ်ရေးမှူးက ယင်းကဒ်များ ကိုင်ဆောင်သူများမှာ ယခုလက်ရှိ ရပ်ကွက်အတွင်း မနေထိုင်တော့ကြောင်း၊ ၎င်းတို့သည် ရန်ကုန်မှ မလေးရှား၊ တရုတ် စသည့်နိုင်ငံများသို့ ပြောင်းရွှေ့ သွားကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အုပ်ချုပ်ရေးမှူးကို လက်မှတ်ထိုးခိုင်းပြီး အဆိုပါ ပုဂ္ဂိုလ်များ၏ ကိုယ်စား NVC ၅၁ ကဒ်ကို လက်ခံစေခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦးက ပြောပါသည်။

အလားတူ သက္ကေပြင် ကျေးရွာတွင်လည်း ထိုကဲ့သို့ ခရီးသွားသူ ၄၀ ဦးကျော်၏ NVC ကဒ်များကို အုပ်ချုပ်ရေးမှူးအား လက်မှတ်ထိုးခိုင်း၍ ယူခိုင်းခဲ့ကြောင်း သိရှိရသည်။ သက္ကေပြင် ကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင် အချို့သာ လက်ခံခဲ့ကြောင်း RFA မြန်မာပိုင်း သတင်းတွင် ရေးသားထားသော်လည်း RB News မှ သီးခြား အတည်ပြုနိုင်ခဲ့ခြင်း မရှိပါ။

Peace Muhammad Arkani မှ သတင်းပေးပို့သည်။

Comment ရေးရန်

Rohingya Exodus