နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်းဒင် နယ်မြေ ၀န်းကျင်မှ ငါးဖမ်းစက်လှေများ ရဲမှူးကို ငွေ ၃ သောင်းစီ ပေး၍ ငါးဖမ်းနေရ

Rohingya Eye
RB News
29.7.2016


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း နယ်မြေ (၉) တာဝန်ခံ ရဲမှူးသည် ဇူလိုင်လ (၂၂) ရက်နေ့မှ စ၍ ငါးဖမ်းစက်လှေများကို ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွင့် ပိတ်ပင်ခဲ့သည်။ ၎င်းက တစ်ဖက်နိုင်ငံမှ အကြမ်းဖက်သမားများ ၀င်ရောက်လာမည်ဟု သတင်းရထားသည်ဟု ဆိုကာ ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

ပင်လယ်ပြင်တွင် ငါးများများ ရနိုင်မည့်နေ့ကို ရွေး၍ ပိတ်ပင်ခဲ့ခြင်း ဖြစ်ပြီး၊ ယခင်ကလည်း ရာသီဥတု အခြေအနေကို ကြည့်၍ ငါးများများ ဖမ်းနိုင်မည့် အချိန်များတွင် ပိတ်ပင်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ 

အင်းဒင်အခြေစိုက် နယ်မြေ (၉) လက်အောက်ခံ ကျေးရွာများ ဖြစ်ကြသည့် ကျောက်ပန္ဒူ၊ ခလုံး၊ အင်းဒင်၊ ခွချောင်း၊ ကိုးတန်ကောက်၊ ရှီလ်ခါလီ စသည့် ကျေးရွာများမှ ငါးဖမ်းစက်လှေများ ငါးဖမ်းခွင့် ပိတ်ပင်ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ကျေးရွာများမှာ ငါးဖမ်းစက်လှေများ ငါးဖမ်းခွင့် အတွက် တစ်လလျှင် ငွေကျပ် ၃ သောင်း ပေးသွင်းရသည့် အပြင်၊ ငါးဖမ်းရန် တစ်ကြိမ် ထွက်ခွာတိုင်း အင်းဒင်မှ နယ်မြေ စခန်းသို့ ငွေကျပ် တစ်သောင်း၊ သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ငွေကျပ် နှစ်ထောင်စီ ပေးသွင်းရသည်။ 

ထိုကဲ့သို့ ပုံမှန်ပေးသွင်း နေသည့်ကြားမှပင် ငါးဖမ်းခွင့် ပိတ်ပင်ခြင်းမှာ ဒေသခံ ရိုဟင်ဂျာများ အလုပ်လက်မဲ့ ဖြစ်စေရန် တမင် ရည်ရွယ်ချက် ရှိရှိ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ ငါးဖမ်းစက်လှေ တစ်စီး ငါးလုပ်သား (၈) ဦး လိုက်ပါ၍ အသက်မွေးဝမ်းကျောင်း ပြုကြသည်။

ယခုအခါ ဇူလိုင်လ (၂၇) ရက်နေ့မှစ၍ အင်းဒင် နယ်မြေ စခန်းမှ ရဲမှူးကို ငါးဖမ်းစက်လှေ တစ်စီးလျှင် ငွေကျပ် ၃ သောင်းစီ ပေး၍ ငါးဖမ်းခွင့် ပြန်လည် ရယူလျက် ရှိနေကြသည်ဟု ဒေသခံများက ပြောပါသည်။ ယခုကဲ့သို့ ပေးနေရခြင်းမှာလည်း အဆမတန် ဖြစ်သဖြင့် လုပ်ကိုင်စားသောက်ရန် လွယ်ကူတော့မည် မဟုတ်ဟု ဆိုသည်။ 


Comment ရေးရန်

Rohingya Exodus