နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲများနှင့် န.တ.လ ရွာသားများ ပူးပေါင်း၍ ရိုဟင်ဂျာတစ်ဦး၏ လယ်သိမ်း၊ ငွေညှစ်

MYARF
RB News
20.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ခရေမြိုင် န.တ.လ ကျေးရွာမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် န.တ.လ ကျေးရွာသား နှစ်ဦးတို့သည် ရိုဟင်ဂျာများ လယ်ထွန်နေသော နေရာသို့ သွားရောက်၍ ရိုဟင်ဂျာ လယ်သမားနှင့် ကောက်စိုက်သမားများကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး မဟုတ်မမှန် မတရားသဖြင့် စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။


သြဂုတ်လ (၁၁) ရက်နေ့က လယ်သမားဖြစ်သူ ဦးနူရ်အာမီးန်နှင့် ကောက်စိုက်နေသူ သားဖ ဦးရာဟ်မောတ်အူလ္လာနှင့် နူရ်ဟူဆောင်း တို့ (၃) ဦးကို နယ်ခြားစောင့်ရဲများနှင့် န.တ.လ ရွာသားများက ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင်သွားကာ န.တ.လ လယ်မြေပေါ်တွင် လယ်ထွန်၊ ကောက်စိုက်နေသည်ဟု မဟုတ်မမှန် မတရားသဖြင့် စွပ်စွဲ၍ တစ်နေ့လုံး ဖမ်းဆီးထားခဲ့သည်။ ညနေစောင်းတွင် ရွာသားတစ်ဦး သွားရောက်၍ ငွေကျပ် နှစ်သိန်း ပေးကာ ဖမ်းဆီးခံရသူ (၃) ဦးကို ပြန်လည် ရွေးယူခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

မတရား စွပ်စွဲ ဖမ်းဆီးခံရသူ (၃) ဦးတို့ လယ်ထွန်နေသည့် လယ်ယာမြေသည် နူရူလ္လာရွာမှ ဦးမာမတ်ဟာရှိမ်း၏ ကိုယ်ပိုင် လယ်ယာမြေ ဖြစ်ပြီး၊ နှစ်စဉ်ထွန်ယက် စိုက်ပျိုး အကျိုးခံစားလာသည်နှင့် အညီ ဤနှစ် မိုးရာသီတွင်လည်း ထွန်ယက် စိုက်ပျိုးနေခြင်း ဖြစ်သည်။ မိုးရာသီ အစပိုင်းကတည်းက ခုတ်ထွင်ရှင်းလင်းပြီး ထွန်ယက်လာခဲ့သော်လည်း တစ်စုံတစ်ရာ ၀င်ရောက် ပြောဆိုခြင်း မရှိခဲ့ဘဲ စရိတ်များစွာ ကုန်ကျခံပြီး စိုက်ပျိုးချိန်တွင် န.တ.လ ပိုင်လယ်မြေဟု ပြောဆို၍ ကျူးကျော် သိမ်းပိုက်လာခြင်း ဖြစ်သည်။ န.တ.လ ရွာသားများ ပိုင်ဆိုင်သော လယ်မြေများကို မြေတိုင်းစာရေး ကိုယ်တိုင် ကွင်းဆင်း တိုင်းတာပေးပြီး ပုံစံ (၇) ကိုလည်း ထုတ်ပေးထားသည်။ ထိုအထဲတွင် ဤမြေနေရာ မပါဝင်ကြောင်း ဒေသခံများက ခိုင်မာစွာ ပြောဆိုနေကြသည်။ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လက်နက်အင်အား အသုံးပြုကာ ကျူးလွန်နေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

ဤကဲ့သို့ ရိုဟင်ဂျာများ၏ လယ်ယာမြေများကို အတင်းအဓမ္မ သိမ်းပိုက်ပြီး ရိုဟင်ဂျာများကို အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန် ဟန့်တားနေခြင်းသည် အလွန်ပင် လူသားချင်း မစာနာမှုဖြင့် ပြုလုပ်နေခြင်း ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus