နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖုံညိုလိပ် အုပ်ချုပ်ရေးမှူး၊ တာဝန်ခံနှင့် သရက်ပြင် အုပ်ချုပ်ရေးမှူးတို့က ဒေသခံ တစ်ဦးထံမှ ငွေညှစ်

RB News
21.8.2016


ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ၀ရကျွန်း ကျေးရွာအုပ်စု၊ ဇော်ဘော်ရွာမှ ဦးမာမတ်ဟာရှိမ်း (ဘ) ဦးဆိဒိတ်အာမတ် သည် ညောင်ချောင်းဈေးမှ ပစ္စည်းများ ၀ယ်ယူပြီး ပြန်လည်ရောင်းချ၍ နေ့စဉ် အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦးဖြစ်သည်။ 

၎င်းသည် ဇူလိုင်လ (၂၆) ရက်နေ့တွင် ညောင်ချောင်းဈေးမှ ဆန်များဝယ်ယူ၍ စက်လှေဖြင့် ဖုံညိုလိပ် ကျေးရွာသို့ ည (၆) နာရီ အချိန်တွင် ရောက်ရှိခဲ့သည်။ ည ၁၀ နာရီအချိန်တွင် ဆန်များကို စက်လှေပေါ်မှ ကမ်းပေါ်သို့ တင်ပြီးနောက် ၁၀း၂၀ နာရီ အချိန်တွင် ရွာတာဝန်ခံဟု ဆိုသူ ယခင် နွားကျောင်းသား ဦးရော်ဖိခ်နှင့် ရာအိမ်မှူး ဦးမာမတ် တို့သည် ရွာပတ်နေစဉ် ဦးမာမတ်ဟာရှိမ်းကို တွေ့ရှိသွားပြီး ဦးရော်ဖိခ်က “ဒီနေရာ ငါတို့ရွာမှာ မင်းဘာလာလုပ်တာလဲ၊ အခု ည ၁၁ နာရီရှိပြီ ဆိုတာ မင်းသိလား၊ မင်း ဧည့်စာရင်း တိုင်ထားလား” ဟုပြေဆိုကာ ကြိုးဖြင့် ချည်နှောင်၍ ဖမ်းဆီး ခေါ်ဆောင် သွားစဉ် ဦးမာမတ်ဟာရှိမ်းက ၎င်းသည် ဆင်းရဲသား တစ်ဦးဖြစ်ပြီး၊ တစ်နေ့စာ တစ်နေ့ ရှာဖွေ စားသောက်နေရသူ ဖြစ်ကြောင်း၊ ငွေကြေး တက်နိုင်သူ မဟုတ်ကြောင်း၊ ပြောဆိုတောင်းပန်သော်လည်း၊ ဦးရော်ဖိခ်က မရဟု ဆိုကာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ 

အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်သောအခါ အုပ်ချုပ်ရေးမှူးက ငွေကျပ် ၁၀ သိန်း တောင်းခံခဲ့သည်။ နောက်ဆုံးတွင် သရက်ပြင် အုပ်ချုပ်ရေးမှူးနှင့် ဖုံညိုလိပ် အုပ်ချုပ်ရေးမှူးတို့ နှစ်ဦးပေါင်း၍ ဦးမာမတ်ဟာရှိမ်းကို စာရွက်အလွတ်ပေါ်တွင် လက်ဗွေနှိပ်ခိုင်းပြီး ငွေကျပ် လေးသိန်းငါးသောင်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ ပြောပါသည်။ 

ယခုကိစ္စတွင် သရက်ပြင် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ခြင်း မရှိသော်လည်း ရှယ်ယာရယူရန် အတွက် ၀င်ပါခဲ့ခြင်းဖြစ်သည်။ အုပ်ချုပ်ရေးမှူးနှစ်ဦး ငွေကျပ် လေးသိန်းငါးသောင်း ညှစ်ယူပြီးနောက် ရွာတာဝန်ခံက ရှယ်ယာရခြင်း မရှိဟု ဆိုကာ ဦးမာမတ်ဟာရှိမ်း၏ အိတ်ထဲတွင် ရှိသည့် ငွေကျပ် ၂ သိန်းကို လုယူခဲ့သည်။ ဦးမာမတ်ဟာရှိမ်းက အုပ်ချုပ်ရေးမှူး နှစ်ဦးကို ပေးခဲ့ရသည့် ငွေကျပ် လေးသိန်းငါးသောင်းကို လူတစ်ဦးထံမှ ချေးငှား၍ ပေးခဲ့ခြင်း ဖြစ်သည်။ 

ဖုံညိုလိပ် ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဒေသခံရွာသားများထံမှ မကြာခဏ ငွေညှစ်လေ့ရှိပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်လတ် ကို တိုင်ကြားလျှင်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus