နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော တောင်ပိုင်းတွင် နေအိမ်တစ်အိမ် အတွင်းသို့ လက်နက်ကိုင်များ ၀င်ရောက် ဓါးပြတိုက်

Rohingya Eye
RB News
28.8.2016


မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သံဒါကျေးရွာမှ ဦးနူရူဆလာမ် (ဘ) ဦးအဒူမော်ဇီးဒ်၏ နေအိမ်သို့ သြဂုတ်လ (၂၇) ရက်နေ့ နံနက် ၁၂း၃၀ နာရီအချိန်တွင် အမည်မသိ လက်နက်ကိုင်များ ၀င်ရောက်လာပြီး ရွှေနားကွင်း (၂) စုံ လုယက် ယူဆောင်သွားခဲ့သည်။ 

အခင်းဖြစ်ပွားပြီးနောက် နံနက် (၃) နာရီအချိန်တွင် အလယ်သံကျော် အခြေစိုက် နယ်မြေ (၇) ရုံးမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး၊ ဦးအဒူဆလာမ်၏ ဇနီး၊ သားသမီးများနှင့် အိမ်နီးချင်း (၄) ဦးကို နယ်မြေရုံးသို့ ခေါ်ဆောင်သွားကာ တစ်နေကုန် နီးပါး စစ်ဆေးခဲ့သည်။ ဓါးပြများက အိမ်သို့ အလည်ရောက်ရှိနေသည့် သားမက်ဖြစ်သူ ဦးဆော်နာမူလ္လာ (ဘ) ဦးဖော်ယာစ် (အသက် ၃၅ နှစ်) ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သြဂုတ်လ (၂၈) ရက်နေ့ ညနေ (၅) နာရီအချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 

ဦးအဒူဆလာမ်၏ ဇနီး၊ သားသမီးနှင့် အိမ်နီးချင်း (၄) ဦးတို့ကို ယနေ့ (သြဂုတ်လ ၂၈ ရက်) နံနက်ပိုင်းတွင် လာရောက် အစစ်ဆေးခံရန် ဆင့်ခေါ်သဖြင့် သွားရောက်၍ ထပ်မံ စစ်ဆေးခံခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

၎င်းတို့နှင့် အတူလိုက်သွားရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာဘူလ်ကာဆိမ်း ကလည်း ငွေကြေးတောင်းခံနေသလို၊ နယ်မြေရုံးမှ နယ်ခြားစောင့်ရဲ များကလည်း ငွေတောင်းခံနေသဖြင့် ဓါးပြတိုက် ခံရသည့် မိသားစု တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်နေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ဓါးပြတိုက် သွားသည့် လက်နက်ကိုင် အဖွဲ့နှင့် ပတ်သက်၍ ရွာသားများက တစ်စုံတစ်ရာ သိရှိခြင်း မရှိကြောင်း၊ ယခင် န.စ.က လက်ထက်ကလည်း ဓါးပြတိုက်ခံရပါက လုယက်ခံရသည့် မိသားစုကို ဒဏ်ငွေ ရိုက်သည့် သဘောဖြင့် ငွေညှစ်ကြောင်း၊ ယခုလည်း ဒီမိုကရေစီ အစိုးရလက်ထက်တွင် ယခင် စစ်အစိုးရ လက်ထက်က ကဲ့သို့ လုပ်ဆောင်လျက် ရှိကြောင်း အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။



Comment ရေးရန်

Rohingya Exodus