နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွှေဇားမှ ဈေးခေါင်းများက လုပ်ပိုင်ခွင့် ဘောင်ကျော်၍ ဈေးကောက် ကောက်ခံနေ

MYARF
RB News
12.8.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ရွှေဇား ကျေးရွာအုပ်စု ဂုံးနားရွာတွင် တည်ရှိသော ဈေးတွင် ဈေးခေါင်းဖြစ်သူ ထွန်းမြင့်နိုင်နှင့် ရော်ရှိတ် တို့သည် မြောက်ဘက်ဒေသများမှ မောင်တော မြို့မဈေးသို့ သွားရောက် ဈေးဝယ်သည့် ဈေးသည်များကို အပြန်တွင် ၎င်းတို့ ဈေးနားရောက်သောအခါ မတရားသဖြင့် ဈေးကောက် ကောက်ခံနေသည်ဟု သတင်း ရရှိပါသည်။

မောင်တော မြို့နယ်၊ ရွှေဇား တံတား မြောက်ဘက် အစွန်းတွင် တည်ရှိသော ရွှေဇာဈေးတာဝန်ခံများ ဖြစ်သူ ထွန်းမြင့်နိုင်နှင့် ရော်ရှိတ် တို့သည် မောင်တော မြို့မ ဈေးပေါ်သို့ လာရောက်သည့် ဈေးသည်များ ရွှေဇားဈေးကို ဖြတ်သန်း၍ ၎င်းတို့၏ နေရပ်များသို့ အပြန်တွင် ဈေးကောက်ဟု ဆိုကာ ဆန်တစ်အိတ်လျှင် ငွေကျပ် ၅၀၀ မှ ၁၀၀၀ နှုန်းဖြင့် လည်းကောင်း၊ မော်တော်ယာဉ်ပေါ် တင်ထားသည့် ကုန်ပစ္စည်းများ အပေါ် မူတည်၍ ငွေကျပ် ၅၀၀၀ မှ ၁၀၀၀၀ ထိ လည်းကောင်း၊ မတရားသဖြင့် ငွေညှစ်နေသည်ဟု ငွေညှစ်ခံရသူ ရိုဟင်ဂျာ ကုန်သည်တစ်ဦးက RB News သို့ပြောသည်။


“သူတို့က အဲဒီဈေးကို လာပြီး အရောင်းအ၀ယ် လုပ်သူတဲ့ ဈေးသည်တွေကဆီကသာ ဈေးကောက် ကောက်ခွင့်ရှိတာ၊ အခုကျတော့ အခြားဈေးက ရောင်းကုန်တွေ ၀ယ်ပြီး ပြန်နေတဲ့ ကုန်သည်တွေကို ဈေးကောက်ဆိုပြီး ငွေညှစ်နေတယ်” ဟု ဒေသခံများနှင့် ငွေညှစ်ခံရသည့် ဈေးသည် အချို့က ပြောသည်။ 

ယခုကဲ့သို့ မိမိတို့၏ လုပ်ပိုင်ခွင့် ဘောင်ကိုကျော်၍ မတရားသဖြင့် ဈေးကောက် ကောက်ခံနေသည့် ရွှေဇားဈေးမှ ဈေးခေါင်းများကို သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အချိန်မှီ ဟန့်တား အရေးယူ ဆောင်ရွက် ပေးပါရန် ဒေသခံများက မေတ္တာရပ်ခံကြောင်း ဒေသခံများက RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus