နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူ တစ်ဦးက ရွာသားများထံမှ ခေါင်းပုံဖြတ် ငွေညှစ်

MYARF
RB News
23.8.2016


ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူ ဦးမာမတ်ဆာလေ (ဘ) ဦးဆုလ်တာန်သည် ဒေသခံ ရွာသားများကို ခေါင်းပုံဖြတ်၍ ငွေရှာနေကြောင်း သတင်း ရရှိပါသည်။ 

သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် ညောင်ချောင်းမှ ဘူးသီးတောင်သို့ အငူမော် လမ်းမကြီး တလျှောက်မှ လာနေသည့် သိမ်တောင်ပြင် ကျေးရွာမှ လိုင်စင်စီ ရထားသူ ဦးမာဒူး၏ နွားတစ်ကောင်သည် ဖရုံချောင်း ကျေးရွာအရောက်တွင် ဦးနော်ဇိရ်အာမတ်၏ (၈) နှစ်အရွယ် သားဖြစ်သူ ဆော်လီမူလ္လာကို ဦးချိုဖြင့် ခွေ့ခဲ့သည်။ ထို့နောက် ဦးမာမတ်ဆာလေက နွားပိုင်ရှင်ဖြစ်သူကို ဆင့်ခေါ်၍ ကလေးအတွက် ဆေးကုစရိတ် (၄) သောင်း၊ ဖရုံချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးစရိတ် (၅) သောင်းဟု ဆိုကာ စုစုပေါင်း ငွေကျပ် (၉) သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ဦးမာမတ်ဆာလေက ကလေး၏ မိဘကို ငွေကျပ် နှစ်သောင်းသာ ပေးခဲ့ကြောင်း သိရှိရသည်။ 

၎င်းသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နီးစပ်ခြင်းကို အကြောင်းပြ၍ ရွာသူရွာသားများ ထံမှ ခေါင်းပုံဖြတ်ခြင်း၊ ငွေညှစ်ခြင်းများ ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိသည်။ ဦးမာမတ်ဆာလေသည် ၂၀၀၈ ခုနှစ်က သက်ဆိုင်ရာ တာဝန်ရှိသူများ၏ လက်မှတ်အတုထိုး၍ လက်ထပ်ခွင့်များ ထုတ်ပေးခဲ့သဖြင့် လိမ်လည်မှုဖြင့် ထောင်ဒဏ် ၁၈ လ ကျခဲ့သည်။ ထောင်က လွတ်လာပြီးနောက် အုပ်ချုပ်ရေးမှူးရုံး စာရေးအဖြစ် ၃ နှစ်တိုင်တိုင် အလုပ်လုပ်ခဲ့ပြီး၊ ထိုစဉ်က ရွာသားများကို အုပ်ချုပ်ရေးမှူး အတွက်ဟု ဆိုကာ ခြိမ်းခြောက် ပြောဆို၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သည်။ ရွာသားများက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက တာဝန်ယူ ဖြေရှင်း အကာအကွယ် ပေးခဲ့သည်။ ကျေးရွာတွင် တာဝန်ရှိသူ မဟုတ်သော်လည်း ရွာသူရွာသားများကို အာဏာရှင်ဆန်ဆန် ပြုမှု ဆက်ဆံခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 

ဖရုံချောင်း ကျေးရွာတွင် လူသတ်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားနေပြီး၊ ဦးမာမတ်ဆာလေက ဆက်လက် ခေါင်းပုံဖြတ်၍ ငွေရှာခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်နေပါက မလိုလားသည့် ပြဿနာပင် ပေါ်ပေါက်လာနိုင်သည်ဟု ဒေသခံများက ဆိုသည်။ 

ငွေညှစ်ခံရသူ အချို့မှာ --

(၁) ဦးအီမာန်ဟူစိန်း (ဘ) ဦးအီဆုပ် (အသက် ၄၀ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၂) ဦးဆွယာဒ်ဟူဆောင်း (ဘ) ဦးအဒူရှကူရ် (အသက် ၅၇ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၃) ဦးမာမတ်အာမီးန် (ဘ) ဦးမော်တုလ်ဟူဆောင်း (အသက် ၆၀ နှစ်) - ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း -- တို့ဖြစ်သည်။


 


Comment ရေးရန်

Rohingya Exodus