နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့နယ်မှ ရခိုင်လူမျိုး တစ်ဦးကို သေနတ်၊ ကျည်ဆံ အမြောက်အများနှင့် အတူ ဖမ်းဆီးရမိ

(ဓါတ်ပုံ - ရဲဇာနည်)

RB News
12.8.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မြဝင်း ဦးစီးသော ရဲတပ်ဖွဲ့ဝင် များသည် သြဂုတ်လ (၁၀) ရက်နေ့၊ နံနက်(၁၀) နာရီခန့်အချိန်တွင် မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်၊ သစ်သီးဝလံရောင်းသည့် ဆိုင်တန်းအနီးနေ ရခိုင်လူမျိုး ဦးထွန်းထွန်းဝင်း (ဘ) ဦးမောင်ရွှေဖြူ အသက်(၄၀) နှစ်ကို ပစ္စတိုသေနတ်တစ်လက်၊ ကျည်တောင့် ၂၃ တောင့် တို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။

ဖမ်းဆီးရမိသော ဦးထွန်းထွန်းဝင်းသည် မောင်တောမြို့နယ် ANP ပါတီ၏ မြို့နယ်ပါတီဝင်တစ်ဦး ဖြစ်သလို WY ဟုခေါ်သည့် စိတ်ကြွစေသည့် မူးယစ်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင်သဖွယ် အကြီးအကျယ် တင်ပို့ရောင်းချနေသူလည်း ဖြစ်ပါသည်။ ၎င်းသည် မောင်တောမြို့ပေါ်နေ ရခိုင်လူမျိုးများအနက် အင်အားအကြီးဆုံး လူတစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခကာလတွင် ရိုဟင်ဂျာများ၏ ဆိုင်ခန်းအများအပြားကို နေ့ခင်းအချိန်၌ လူအများရှေ့မှောက်တွင် ဖျက်ဆီး၍ ပစ္စည်းများ လုယက်ခဲ့သူများထဲတွင် အဓိက ဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။

သေနတ်နှင့် ကျည်ဆံအများအပြားနှင့် တကွ ဖမ်းဆီးရမိသူ ဦးထွန်းထွန်းဝင်း သတင်းကို နေပြည်တော် ရဲဌာနက "လောင်းကစားဒိုင်အား ဖမ်းဆီးစဉ် လုပ်သေနတ်နှင့် ကျည်ဆံများပါ သိမ်းဆည်းရမိသူကို မောင်တောမြို့မရဲစခန်းမှ(ပ)၁၇၅/၂၀၁၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) နှင့် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်'' ဟူ၍သာ ရေးသား ဖော်ပြထားသော်လည်း အမှန်တကယ်မှာမှု ထွန်းထွန်းဝင်းသည် မည်သည့်လောင်းကစားဒိုင်ကိုမျှ လုပ်နေသူမဟုတ်ပါ။ ၎င်းသည် WY ဟုခေါ်သော စိတ်ကြွစေသည့် မူးယစ်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင်သဖွယ် အကြီးအကျယ် တင်ပို့ရောင်းချပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်နက်များ တင်သွင်းနေသူသာ ဖြစ်ပါသည်။

ထွန်းထွန်းဝင်းနှင့် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တဲခ်နာဖ်မြို့မှ လွှတ်တော်အမတ် Bodi တို့အဖွဲ့ထံ မူးယစ်ဆေးဝါး ပို့ပြီး Bodi တို့အဖွဲ့ထံမှ လက်နက်များ မောင်တောမြို့နယ်သို့ တင်သွင်းနေသူဖြစ်ပါသည်။ မောင်တောမြို့နယ်တွင် ရခိုင်လူမျိုးများက အမှန်တကယ်မရှိသည့် RSO ဝင်နေသည်ဟု ကောလဟလ သတင်းများ အကြိမ်ကြိမ်လွင့်ကာ ၎င်းတို့သာ လက်နက်များ နေ့စဉ်နှင့်အမျှ တင်သွင်းနေခြင်း ဖြစ်သည်။ မောင်တောခရိုင်၌ ရှိသည့် ရခိုင်လူမျိုးများ၏ အိမ်တိုင်းနီးပါးတွင် တရားမဝင် လက်နက်များ ရှိနေနိုင်သည်မှာ ယုံမှားဘွယ်မရှိပေ။

လွန်ခဲ့သော အပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တဲခ်နာဖ်မြို့၏ လွှတ်တော်အမတ် Bodi တို့အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်နေမှု၊ မှောင်ခိုလက်နက်များ ရောင်းဝယ်နေမှုဖြင့် ဖမ်းဆီးခဲ့သော်လည်း အကြမ်းဖက်မှု ခေါင်းစဉ်ဖြင့် ဖမ်းဆီးနိုင်ရန် မရှိသည့် RSO နာမည်ကို ထည့်သွင်း အသုံးပြုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တဲခ်နာဖ်မြို့မှ လွှတ်တော်အမတ် Bodi ၏ ဖခင် အေဇာရ်မျှသည် မောင်တောမြို့နယ်၊ အမှတ်(၁) ရပ်ကွက်နေ ရခိုင်လူမျိုး ဦးဝေသာမောင်၏ ညီမ အရင်းဖြစ်သူကို လက်ထပ်ထိမ်းမြားခဲ့သူ ဖြစ်သောကြောင့် လွှတ်တော်အမတ် Bodi သည်လည်း ရခိုင်လူမျိုးများနှင့်သာ အရောတဝင် ရှိနေသူဖြစ်ပါသည်။ မောင်တောမြို့နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၇) ရက် နယ်စပ်နိုင်ငံကူး လက်မှတ်ဖြင့် ခရီးသွားသူများထဲတွင် ရခိုင်လူမျိုးဖြစ်လျှင် မည့်သည့်စစ်ဆေးမှုများ မလုပ်ရန် Bodi က ၎င်း၏ လက်အောက်ခံ လဝက၊ ရဲ စသည့် အာဏာပိုင်များကို ညွှန်ကြားထားကြောင်းလည်း စုံစမ်းသိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်ဖက်မှ လဝက၊ ရဲ စသည့် အာဏာပိုင်များက ရိုဟင်ဂျာများကိုမှု အမျိုးမျိုးစစ်ဆေး၍ အကြောင်းအမျိုးမျိုးပြကာ ငွေညှစ်မှုများ ရှိနေသည်ဟူ၍လည်း စုံစမ်းသိရှိရပါသည်။ 

ရခိုင်လူမျိုးများကို ဤကဲ့သို့ လက်နက်၊ ကျည်ဆံအမြောက်အများ များနှင့်အတူ ဖမ်းဆီးရသည့် အဖြစ်အပျက်များ အကြိမ်ကြိမ် ရှိနေသည်ကြားက မည်သည့်အခါမှ ဖမ်းဆီးရခြင်းမရှိဖူးသော RSO အဖွဲ့ ဝင်လာနေသည်၊ ဘင်္ဂလီများ ဗုံးဖောက်ခွဲမည် စသည့် မဟုတ်မမှန် သတင်းများကို ရေးသားနေတတ်သည့် မြန်မာ့ မီဒီယာ တစ်ချို့နှင့် ရခိုင်အမျိုးသားရေး ဝါဒီများကို အစိုးရတာဝန်ရှိသူများက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်ခြင်း အလို့ငှါ ထိထိရောက်ရောက် အရေးယူသင့်ကြောင်း မောင်တောဒေသခံ ရိုဟင်ဂျာများက RB News သို့ ပြောကြားပါသည်။

Comment ရေးရန်

Rohingya Exodus