နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာနိုင်ငံသားကဒ် ကိုင်ဆောင်ထားသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်လူမျိုး ၄ ဦး ဖမ်းဆီးရမိ

MYARF

RB News
10.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် အခြေစိုက် ကျီးကန်းပြင် စစ်ဆေးရေး စခန်းမှ နယ်ခြားစောင့်ရဲ များက မြန်မာနိုင်ငံ၏ နိုင်ငံသား စီစစ်ရေး ကဒ်ပြား ကိုင်ဆောင်ထားသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရခိုင်လူမျိုး အမျိုးသား (၄) ဦးကို ဘင်္ဂလားဒေ့ရှ် ငွေ တာကာ ၁၀ သိန်းနီးပါးနှင့် အတူ သြဂုတ်လ (၃၁) ရက်နေ့ ည ၉  နာရီခန့်အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဖမ်းဆီးရမိသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာဒေါရ်ဘောန်ခရိုင်၊ ရွာတော် ဇာတိဖြစ်ကြပြီး မောင်တော မြို့နယ် မြောက်ပိုင်း၊ ကံပြင် ရခိုင်ရွာမှ တဆင့် ခိုးဝင်လာခြင်း ဖြစ်သည်။ ၎င်းတို့ကို မောင်တော မြို့နယ်၊ အမှတ် (၃) ရပ်ကွက်မှ ရခိုင်လူမျိုး တစ်ဦးက လမ်းပြ၍ ခေါ်ဆောင်သွားစဉ် ကျီးကန်းပြင် အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် အခြေစိုက်ရာ ကျီးကန်းပြင် စစ်ဆေးရေး စခန်းမှ နယ်ခြားစောင့်ရဲများက မသင်္ကာ၍ စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ၎င်းတို့ (၅) ဦးထံမှ ဘင်္ဂလားငွေ တာကာ ၁၀ သိန်း နီးပါး လက်ဝယ် ဖမ်းဆီးရမိပြီး၊ နှစ်ဦးထံမှချင်းပြည်နယ်၊ ပလက်ဝမြို့နယ် လ.၀.က မှ ထုတ်ပေးထားသည့် နိုင်ငံသား စီစစ်ရေးကဒ်ပြား ရရှိခဲ့သည်။ 

ရခိုင်စကား၊ ဗမာစကား ပီသစွာ မပြောတတ်သည့် အပြင်၊ မြန်မာနိုင်ငံဖက်မှ နေရာဒေသကိုလည်း သိကျွမ်းခြင်း မရှိသော အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၄) ဦးနှင့် အမှတ် (၃) ရပ်ကွက်မှ လမ်းပြတစ်ဦး တို့ကို အမှတ် (၆) နယ်မြေ၊ ပြင်ဖြူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ခေတ္တ ထိန်းသိမ်းထားခဲ့ပြီး၊ နောက်တစ်နေ့တွင် မောင်တောခရိုင်၊ လ.၀.က သို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ထို့နောက် ခရိုင် လ.၀.က က မောင်တောမြို့နယ် ရဲစခန်းသို့ လွှဲပြောင်း ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ခိုးဝင်လာသူများသည် ရခိုင်လူမျိုး ဖြစ်သဖြင့် နယ်ခြားစောင့်ရဲ များက အရေးယူပိုင်ခွင့် မရှိသောကြောင့် လ.၀.က သို့ လွှဲပြောင်းပေးခဲ့ရခြင်း ဖြစ်သည်ဟု မောင်တော ခရိုင် လ.၀.က ရုံး စာရေးတစ်ဦးထံမှ စုံစမ်း သိရှိရသည်။ 

ဖမ်းဆီးထားသူ (၅) ဦးတို့ကို ဆက်လက် အရေးယူ ဆောင်ရွက်ခြင်းရှိ/မရှိ ကို စုံစမ်းရန် ခက်ခဲနေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ရခိုင်ပြည်နယ် အနှံ့ လ.၀.က ရုံးများတွင် အရာရှိ အများစုမှာ ရခိုင်လူမျိုးများ ဖြစ်ပြီး တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသည့် ရခိုင်လူမျိုးများကို စစ်ဆေးခြင်း မရှိဘဲ မှတ်ပုံတင် ထုတ်ပေးလေ့ရှိကြောင်း ဌာနဆိုင်ရာများနှင့် နီးစပ်သူတစ်ဦးက RB News သို့ပြောသည်။ 

ဘင်္ဂလားဒေ့ရှ်သို့ မကြာခဏ သွားလာနေသည့် မြို့ခံ တစ်ဦးက “ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားကဒ်၊ နိုင်ငံကူးလက်မှတ် ကိုင်ထားပြီး၊ မြန်မာဘက်က နိုင်ငံသား စီစစ်ရေးကဒ် ကိုင်ထားတဲ့ ရခိုင်တွေ အများကြီးပါဘဲ။ မြန်မာဘက်ကို ကူးရင် မြန်မာနိုင်ငံသားကဒ်နဲ့ သွားလာ လှုပ်ရှားပြီး၊ ဘင်္ဂလားဒေ့ရှ်ကို ပြန်ရောက်ရင် ဘင်္ဂလားမှတ်ပုံတင်နဲ့ သွားလာ လှုပ်ရှားတယ်။” ဟုပြောပါသည်။

“နေ့စဉ်နဲ့ အမျှ ခိုးဝင်နေတဲ့ သူတွေက ရခိုင်လူမျိုးတွေ ဖြစ်ပေမယ့်လည်း မြန်မာ အာဏာပိုင်တွေကတော့ ရခိုင်ပြည်နယ်က ဌာနတိုင်းရင်းသား ရိုဟင်ဂျာတွေကို ခိုးဝင်လာတဲ့ ဘင်္ဂလီဆိုပြီး အမြဲလိုလို စွပ်စွဲ ပြောဆိုနေတာက ကိုးကွယ်တဲ့ ဘာသာကြောင့် ဆိုတာ သိသာထင်ရှားနေတယ်” ဟု ဆက်လက်ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus