နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘုရားအောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်

MYARF
RB News
15.9.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဘုရားပြင်အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဒေသခံ ရိုဟင်ဂျာ ရွာသားများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

(၁) စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်သော ဘက္ကရီအီးဒ်နေ့တွင် ကုရ်ဘာနီ သားကောင်းများ၏ သားရေစိမ်းများကို အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး၊ ဦးမောင်ညွန့်၊ ဦးအောင်ဝင်း တို့ (၃) ဦးထံ သွားရောက်၍ အခမဲ့ ပေးအပ်ခဲ့ရသည့် အပြင် ငွေကျပ် တစ်ထောင်စီနှင့် အသား တစ်ပိဿာခွဲစီ ပေးခဲ့ရသည်။ ဘုရားပြင်အောင်ပ ကျေးရွာအုပ်စုတွင် သားကောင်ရေ (၁၅၀) ကျော်မှ ငွေကျပ် တစ်သိန်းခွဲကျော် ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အထက်ဖော်ပြပါ (၃) ဦးတို့သည် ရာအိမ်မှူးများနှင့် အတူ ရိုဟင်ဂျာရွာထဲသို့ ညအချိန်မတော် ၀င်ရောက်၍ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခြင်း၊ မုဒိန်းကျင့်ခြင်းများပါ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

(၂) ဘက္ကရီအီးဒ်ပွဲနေ့၌ လမ်းဘေးတွင် ယာယီဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ နေသူများထံမှ ငွေကျပ် ငါးသောင်းစီ အတင်းအဓမ္မ ကောက်ခံခဲ့သည်။ ငွေကျပ် ငါးသောင်း မပေးနိုင်သူများကို ဈေးရောင်းချခွင့် မပြုဟု အာဏာဖြင့် ခြိမ်းခြောက် ပြောဆိုမှုကြောင့် ဈေးရောင်းချမည့် ရိုဟင်ဂျာများက ငွေကျပ် ငါးသောင်းစီကို မလွှဲမရှောင်သာ ပေးခဲ့ရသည်။  

(၃)  အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးသည် သစ်တောဦးစီးဌာနမှ ဦးစီးမှူးကို ပေးရန်ဟု ဆိုကာ ရိုဟင်ဂျာရွာသားများထံမှ တစ်အိမ်လျှင် ငွေကျပ် တစ်ထောင်စီ ကောက်ခံခဲ့ရာ၊ ငွေကျပ် ၁၀ သိန်းကျော် ကောက်ခံရရှိခဲ့သော်လည်း သစ်တောဦးစီးမှူးကို ငွေကျပ် ၂ သိန်းသာ ပေးခဲ့ကြောင်း သိရသည်။

(၄) လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ယင်းကျေးရွာမှ ဦးဇူဘိုင်ရ် (ဘ) ဦးအီလီယာစ်နှင့် ၎င်း၏ ဇနီးတို့ ကွာရှင်း ပြတ်စဲခဲ့သည်။ ယခုအခါ အုပ်ချုပ်ရေးမှူးက ကွာရှင်းခဲ့မှုမှာ တရားမ၀င်ဟု ဆိုကာ ငွေကျပ် ၆ သိန်းခွဲ ညှစ်ယူခဲ့သည်။ ငွေမပေးပါက တရားရုံးတွင် အမှုဖွင့်၍ ထောင်ကျသည် အထိ လုပ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက RB News  သို့ပြောသည်။ 

(၅) ၂၀၁၆ ခုနှစ် ဧပြီလတွင် ရာအိမ်မှူးများ ခန့်ထားခဲ့ရာတွင် ဒီမိုကရေစီ နည်းလမ်းကျကျ ရွာသူရွာသားများ၏ ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ခြင်း မပြုဘဲ၊ ရာအိမ်မှူး ဖြစ်ချင်သူများထံမှ ငွေကျပ် နှစ်သိန်းစီ ယူ၍ လူဆိုးလူကောင်း မခွဲခြားဘဲ ခန့်အပ် တာဝန်ပေးအပ်ခဲ့သည်။ အောင်ပ အကွက် (၅) ရာအိမ်မှူး အဖြစ် ဦးဘော်ဒီရာမာန် (ဘ) ဦးဟာနီဘာ ကို ခန့်အပ်ခဲ့ပြီး၊ (၄) လအကြာတွင် ဦးဆော်လိမ် (ဘ) ဦးကုလ္လာမျာ ထံမှ ငွေကျပ် (၃) သိန်း လာဘ်ငွေယူ၍ သြဂုတ်လ (၁၅) ရက်နေ့က ဦးဘော်ဒီရာမာန် နေရာတွင် ဦးဆော်လိမ်ကို အစားထိုး ခန့်အပ်ခဲ့သည်။ 

(၆) စက်တင်ဘာလ (၈) ရက်နေ့တွင် သိမ်တောင်ပြင် ကျေးရွာအုပ်စုမှ ဦးအာလောမ် (ဘ) ဦးအဒူရော်မာန်ကို BD ပြေး တရားခံဟု စွပ်စွဲကာ ဖမ်းဆီး၍ ငွေကျပ် (၅) သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သည်။ 

အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက “အုပ်ချုပ်ရေးမှူး ရာထူး ရဖို့အတွက် ငွေ သိန်း ၁၀၀ ကျော် ကုန်ကျခံရတယ်။ အဲဒီငွေတွေကို မင်းတို့ [ရိုဟင်ဂျာများ] ဆီက ရအောင် ယူရမယ်။ ပြီးတော့ န.တ.လ ရွာထဲမှာ သူဌေးကြီး ဆိုပြီး ထင်ရှားလာအောင် ကြိုးစားမယ်” ဟု ကြွေးကြော်လေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

အုပ်ချုပ်ရေးမှူး၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်၍ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး၏ လုပ်ရပ်များကို အထက် အာဏာပိုင်များက စုံစမ်း စစ်ဆေး၍ အမြန်ဆုံး အရေးယူပေးပါရန် တောင်းဆိုကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus