နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာလူငယ်တစ်ဦးကို ဘူးသီးတောင် အမတ်ဟောင်း၏သားက အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက်

MYARF
RB News
29.9.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၇) ရပ်ကွက်နေ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်လွှတ်တော် အမတ်ဟောင်း ဦးဇော်ဝင်းချေ၏ သားဖြစ်သူ မောင်စိန်ချေက မြို့မဈေးရှိ အီလက်ထရောနစ်ဆိုင်မှ ရိုဟင်ဂျာလူငယ်တစ်ဦးကို စက်တင်ဘာလ (၂၇) ရက်နေ့က အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက် ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ်၊ ကကျက်ဖက်ကံပြင် ကျေးရွာအုပ်စု၊ ထည့်ရာရွာမှ အာယုပ် (ဘ) ဦးဘော်ရှော်ရ် (အသက် ၂၅ နှစ်) သည် မြို့မဈေးတွင် အီလက်ထရောနစ် စက်ကိရိယာ ပြုပြင်ရေးဆိုင် ဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်သည်။ စက်တင်ဘာလ (၂၇) ရက်နေ့ မွန်းတည့် (၁၂) နာရီခန့် အချိန်တွင် ၎င်း၏ ဆိုင်သို့ အမှတ် (၇) ရပ်ကွက်မှ ပြည်နယ် လွှတ်တော်အမတ်ဟောင်း ဦးဇော်ဝင်းချေ၏ သားဖြစ်သူ မောင်စိန်ချေ (အသက် ၂၈ နှစ်) ရောက်ရှိလာခဲ့သည်။ 

မောင်စိန်ချေက ၎င်းအိမ်တွင် စက်ကိရိယာတစ်ခု ပြုပြင်ရန် ရှိသည့်အတွက် လိုက်ရမည်ဟု ဆိုကာ အာယုပ်ကို ခေါ်ခဲ့သည်။ အာယုပ်က ဆိုင်တွင် အလုပ်များနေသည့် အတွက် မလိုက်သွားနိုင်ဟု ပြောလျှင် ရက်စက်ကြမ်းကြုတ်စွာ တုံ့ပြန်ခံရမည်ကို ကြိုသိသဖြင့် မငြင်းဆန်တော့ပဲ လိုက်သွားရန် ဆိုင်မှ ထွက်၍ မောင်စိန်ချေနှင့် အတူ လိုက်လာရာ လမ်းမပေါ်သို့ ရောက်သောအခါ မောင်စိန်ချေက တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ရိုက်နှက်ခံရသည့် လူငယ် အာယုပ်က မတရားသဖြင့် ရိုက်နှက်ခံရမှုကို ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ဗျူဟာမှူးရုံးသို့ သွားရောက်၍ တိုင်ကြားခဲ့သော်လည်း ယခုထိ အရေးယူဆောင်ရွက်ခြင်း တစ်စုံတစ်ရာ မရှိသေးဟု ဆိုသည်။ 

မောင်စိန်ချေသည် ၎င်း၏ ဖခင် ပြည်နယ်လွှတ်တော်အမတ် တာဝန်ထမ်းဆောင် နေစဉ်ကာလ တစ်လျှောက်လုံး သာမက ယခုထိပင် ဘူးသီးတောင် မြို့ပေါ်တွင် အရက်သေစာ သောက်စား၍ ဆူပူသောင်းကျန်းခြင်း၊ ရိုဟင်ဂျာများကို မတရားသဖြင့် ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းများကို မကြာခဏ ဆိုသလို ပြုလုပ်လေ့ရှိကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများက မင်းမဲ့စရိုက်ဆန်ဆန် ဆူပူသောင်းကျန်း နေသည်ကို တွေ့သော်လည်း အရေးယူရန် ပျက်ကွက်နေကြောင်း၊ မောင်စိန်ချေ၏ မိုက်ရိုင်း စော်ကားမှုများ လွန်ကဲလာနေပြီ ဖြစ်၍ မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus