နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်သားများက ချွေးမကို မုဒိန်းကျင့်ရန် ကြိုးစားသည်ကို တားဆီးသည့် ယောက္ခမ ဓါးထိုးခံရ

MYARF

RB News
17.9.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် သင်္ဂနက် ကျေးရွာ အခြေစိုက် ခမရ (၅၅၂) တပ်ရင်းမှ စစ်သား နှစ်ဦးက အသက် ၆၀ ကျော် ရိုဟင်ဂျာ အဖွားအို တစ်ဦးကို ဓါးဖြင့် ထိုးပြီးနောက် ပစ်ချထားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ (၁၅) ရက်နေ့ ည ၁၀း၃၀ နာရီခန့် အချိန်တွင် သင်္ဂနက် ကျေးရွာ အခြေစိုက် ခမရ (၅၅၂) တပ်ရင်းမှ ရိက္ခာမှူး ဆရာကြီး စန်းထွန်းနှင့် စစ်သား တစ်ဦးတို့သည် အရက်သေစာ သောက်သုံးပြီး၊ သင်္ဂနား ကျေးရွာအုပ်စု၊ ရှူတောင်ရွာမှ ဦးဇော်ကော်ရီယာ၏ နေအိမ်သို့ တိတ်တဆိတ် ကျူးကျော်ဝင်ရောက်ကာ ဦးဇော်ကော်ရီယာ၏ ဇနီး (အသက် ၂၃ နှစ်ခန့်) ကို အတင်းအဓမ္မ မုဒိန်းကျင့်ရန် ဆွဲနေသည့် အချိန်တွင် ဦးဇော်ကော်ရီယာ၏ မိခင်ဖြစ်သူ ဒေါ်ဟာလေမာ (အသက် ၆၀ ကျော်) က အော်ဟစ် တားဆီးရန် ကြိုးစားခဲ့သည်။ ထိုစဉ် စစ်သားနှစ်ဦးက ၎င်းကို အိမ်အပြင်ဆွဲထုတ်၍ ကန်ကျောက်ခဲ့သည်။ 

ထို့နောက် စစ်သားနှစ်ဦးက နေအိမ်ထဲသို့ ပြန်ဝင်၍ ဦးဇော်ကော်ရီယာ၏ ဇနီးကို အဓမ္မပြုကျင့်ရန် ဆက်လက်၍ ကြိုးစားနေစဉ် ဒေါ်ဟာလေမာက ငိုကြွေး အော်ဟစ်သောကြောင့် စစ်သားနှစ်ဦးက ၎င်းကို ရွာအပြင်ဘက်ရှိ အုတ်ဖိုကျင်း ရှိရာသို့ ဆွဲယူသွားပြီး သတိလစ်သည် အထိ လူမဆန်စွာ ရိုက်နှက်သည့်အပြင် ခေါင်းကို ဓါးဖြင့် တစ်ချက်ထိုး၍ ပစ်ချသွားခဲ့ကြောင်း ဒေသခံ ရွာသားများက RB News  သို့ပြောသည်။ 

ခမရ (၅၅၂) တပ်ရင်းမှ တပ်ရင်းမှူး ဖြစ်သူသည် ခရီးလွန်နေ၍ ဗိုလ်မှူးတစ်ဦးကို ယာယီ တပ်ရင်းမှူး တာဝန် ပေးအပ်ထားသည်။ ရွာသားများက ယာယီ တပ်ရင်းမှူး ဖြစ်သူ ဗိုလ်မှူးကို ဖြစ်စဉ် အသေးစိတ်ကို ရှင်းပြပြီး တိုင်ကြားခဲ့သော်လည်း ရာဇ၀တ်မှု ကျူးလွန်သည့် စစ်သားများကို အပြစ်ပေး အရေးယူရမည့် အစား၊ သတင်းပေါက်ကြားသွားမည်ကို စိုးရိမ်၍ ဓါးထိုးခံရသူ အဖွားအိုကို မည်သည့် ဆေးရုံသို့မှ မပို့နိုင်အောင် ပိတ်ပင် တားဆီးလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 

ယာယီ တပ်ရင်းမှူး ဗိုလ်မှူးက တောင်ဘဇာရှိ သွားဖွားဆရာမ တစ်ဦးကို ခေါ်ပေးပြီး ဓါးထိုးခံရသည့် အဖွားအိုကို ဆေးကုသပေးလျက် ရှိသော်လည်း အဖွားအိုမှာ ဓါးထိုးခံရသည့် ဒဏ်ရာ၊ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ ပြင်းထန်သောကြောင့် လုံလောက်သည့် အရေးပေါ် ဆေးကုသမှု မရရှိပါက အသက်ပါ ဆုံးရှုံးသွားမည်ကို ဒေသခံများက အထူး စိုးရိမ်လျက် ရှိနေကြသည်။ 





Comment ရေးရန်

Rohingya Exodus